







နေပြည်တော်၊ အောက်တိုဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးခင်မောင်ရီနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်၊ ပြည်သူ့ရင်ပြင် တည်ဆောက်နေမှု
ဦးစွာ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ပြည်သူ့ရင် ပြင်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က နေပြည်တော်၊ ပြည်သူ့ရင်ပြင်အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး မြို့ပြနေအများပြည်သူများ လည်ပတ်ကြည့်ရှု အပန်းဖြေအနားယူနိုင်ရန်နှင့် ဘက်စုံအသုံးပြုနိုင်သည့် Public Area ပြည်သူ့ရင်ပြင် တစ်ခုအဖြစ် လျာထားတည်ဆောက် ဆောင်ရွက်လျက်ရှိမှု၊ ရင်ပြင်ပတ်လည်နေရာ များ၌ အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်များဖြင့် ထုဆစ်ပုံဖော် ထားသည့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်နိုင်ရေး၊ ပြည်သူများ အပန်းဖြေ လည်ပတ်ကြည့်ရှု အနားယူနိုင်ရန် ပန်းခြံနေရာများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေး ရင်ပြင်နှင့် Shop House များ၊ အခြားလိုအပ်သည့် အဆောက်အဦများ ထည့်သွင်း တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ရင်ပြင်အနီး၌ မြို့ပြ အင်္ဂါရပ်နှင့်လျော်ညီသည့် နာရီစင်ပါအဆောက်အဦတစ်ခု တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နေပြည်တော်ကောင်စီ နယ်မြေအား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြို့ပြ တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ဘက်ပေါင်းစုံမှ စဉ်းစားလျာထားဆောင်ရွက်သွားကြ ရန်၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ အဆင့်မီမီဖြစ် စေရေး၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ကြရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေး ထိန်းသိမ်းပြုပြင်ဆောင်ရွက်မှုများကိုလည်း အမြဲမပြတ် ဆောင်ရွက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နေပြည်တော်၊ ပြည်သူ့ရင်ပြင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ မီးရထားလမ်း ခုံးကျော်တံတားများနှင့် နေပြည်တော်လေဆိပ်အဝင် လမ်းသစ် ဖောက်လုပ်နေမှု
ယင်းနောက် ရွှေပြည်တော်ဝင်လမ်းပေါ်ရှိ နေပြည်တော် - တောင်တွင်းကြီး မီးရထားလမ်း ခုံးကျော်တံတားနှင့် ရန်ကုန် - မန္တလေး မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတ မီးရထားလမ်း ခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လမ်းအသုံးပြုသူဦးရေနှင့် မော်တော်ယာဉ်အစီးရေ တိုးတက်လာနိုင်မှုများအပေါ်ထည့်သွင်း တွက်ချက်၍ လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင် ရွက်နိုင်ရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခု တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတားများ ငလျင်ဒဏ်ခံနိုင်ရေး၊ ကြံ့ခိုင်ကောင်း မွန်မှုရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက် ပြီးစီးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း လမ်းများအားလုံး အဆင့်မီမီနှင့် စနစ်တကျဖြစ်စေရေး၊ မြို့ပြအင်္ဂါရပ်နှင့် လျော်ညီမှုရှိစေရေး ဆက်လက် အဆင့်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး လုပ်ငန်းခွင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေပြည်တော်ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများနှင့် လမ်းဘေးဝဲယာတစ်လျှောက်၌ အရိပ်ရလေကာပင် များစိုက်ပျိုးထား ရှိမှုနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် အဆိုပါ လမ်းသစ်ပေါ်ရှိ ဝက္ကမူတံတားနှင့် ရုံးပင်ချောင်းတံတား တည်ဆောက်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နေမှုနှင့် တံတားတည်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက လေဆိပ်အဝင်လမ်းသစ်နှင့် တံတားများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် တည်ဆောက်နိုင် ရေးနှင့် ရုံးပင်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်တွင် အရိပ်ရလေကာပင်များနှင့် အမြဲစိမ်း သစ်ပင်များ စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။
နေပြည်တော်မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေမှုလုပ်ငန်းခွင်
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရာဇသင်္ဂဟလမ်းမကြီးပေါ်ရှိနေပြည်တော်မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မုခ်ဦးတည်ဆောက်ရေးလုပ်ငန်းများနှင့် မုခ်ဦးအား မြန်မာ့ယဉ်ကျေးမှုလက်ရာများနှင့် အညီ အဆင့်မီမီတည်ဆောက်နိုင်စေရေး လျာထားဒီဇိုင်းများရေးဆွဲထားရှိမှု၊ မြေယာ ရှုခင်းလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများအား စနစ်တကျဖြင့် အဆင့်အလိုက် ပြီးစီးမှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံ၏မြို့တော်သို့ ဝင်ရောက်ရာ အထင်ကရအမှတ်အသား နေရာဖြစ်သည့်အတွက် မြို့ပြဂုဏ်သိက္ခာနှင့်လျော်ညီစွာ ခမ်းခမ်းနားနားနှင့် အဆင့်မီမီဖြစ်ရန်လိုကြောင်း၊ မုခ်ဦးအဆောက်အဦအား မြန်မာမှု လက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျတည်ဆောက်သွားရန်လိုသကဲ့သို့ ခိုင်ခိုင် မာမာဖြင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွက်လည်း သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကြောင့် ယာဉ်များ သွားလာမှု မပျက်စေရေးအတွက်လည်း ရှောင်ကွင်းလမ်း(By Pass) များကို စနစ်တကျ ဖောက်လုပ်ပေးသွားရန်လိုကြောင်းနှင့် လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့် တည်ဆောက်သွားရန်လိုကြောင်း၊ မြေယာရှုခင်းများကိုလည်း အဆင့်မီမီနှင့် ခေတ်နှင့် လျော်ညီသည့်ပုံစံဖြစ်စေရေး၊ ပြည်သူအများ စိတ်အေးချမ်းသာစွာဖြင့် လမ်းလျှောက် ခြင်း၊ အနားယူခြင်းများ ဆောင်ရွက်နိုင်ရေး စနစ်တကျ ထည့်သွင်းတည်ဆောက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နေပြည်တော်မြို့အဝင်မုခ်ဦးပုံစံငယ်နှင့် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်
ထို့နောက် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုအခြေ အနေများ၊ ပြည်ထောင်စုဂုဏ်ပြုဗိမာန် အဆိုပြု 3D ပုံစံများနှင့် မြေယာရှုခင်း လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့ကြသူများနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား များကို ဂုဏ်ပြုနိုင်ရန်အတွက် ရည်ညွှန်းတည်ဆောက်စေခြင်းဖြစ်သဖြင့် ခမ်းခမ်းနား နားနှင့် အဆင့်မီမီဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ပြည်ပနိုင်ငံများမှ လာရောက်ဂုဏ်ပြုကြသူများအနေဖြင့် အဆင့်မီမီနှင့်စနစ်တကျ လာရောက်ဂုဏ်ပြု နိုင်ရေးအတွက်လည်း လျာထားဆောက်လုပ်သွားရန်လိုကြောင်း၊ ပန်းစည်းချ ဂုဏ်ပြု မည့် နေရာများအတွက်လည်း စနစ်တကျစီမံထည့်သွင်းသွားရန်လိုကြောင်း၊ ဗိမာန်နှင့် အခြေခံအဆောက်အဦများ တည်ဆောက်ရာ၌ မြန်မာမှုယဉ်ကျေးမှုနှင့် ခေတ်သစ် ဗိသုကာ အနုပညာလက်ရာတို့ကို အချိုးညီထည့်သွင်းပေါင်းစပ်တည်ဆောက်သွားရန် လိုကြောင်း၊ ဗိမာန်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပမှုရှိစေရေး အမြဲစိမ်း သစ်ပင်များနှင့် ပန်းမန်များကို စနစ်တကျဖြင့် ထည့်သွင်းစိုက်ပျိုးသွားရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက် ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar