Myanmar National Post

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ် ရိုးရာလက်ဝှေ့ KSLA ရွှေခါးပတ်ချန်ပီယံလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်





ဘားအံ၊ အောက်တိုဘာ ၃

၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်ရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် ရိုးရာလက်ဝှေ့အသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော KSLA ရွှေခါးပတ်ချန်ပီယံလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ် ချီးမြှင့်အမှာစကားပြောကြားသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ရွှေဖားစည်ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုံးအကယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ယခုကျင်းပသည့် KSLA ရွှေခါးပတ်ပြိုင်ပွဲသည် အောင်မြင်မှုတစ်ခုတည်းအတွက်မဟုတ်ဘဲ တိုင်းရင်းသားညီအကိုများအကြား စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် မြန်မာ့ရိုးရာအနုပညာကို ကမ္ဘာကသိအောင် မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း KSLA ရွှေခါးပတ်ပြိုင်ပွဲတွင် အမျိုးသမီးဝိတ်တန်း(၁)တန်း၊ အမျိုးသားဝိတ်တန်း(၈)တန်း၊ စုစုပေါင်း ဝိတ်တန်း(၉)တန်း ကျင်းပြုလုပ်မှာဖြစ်ပြီး တစ်နိုင်ငံလုံးရှိ လက်ဝှေ့ကလပ်(၃၀)မှ ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ ရွှေခါးပတ်ချန်ပီယံ လက်ဝှေ့ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ (၄၈) ကီလိုတန်းကွာတားဖိုင်နယ်၊ (၅၀) ကီလိုကွာတားဖိုင်နယ်နှင့် (၅၄) ကီလိုတန်း ကွာတားဖိုင်နယ်ပွဲများယှဉ်ပြိုင်ခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့တွင် (၅၇) ကီလိုကွာတားဖိုင်နယ်၊ (၆၀) ကီလိုကွာတားဖိုင်နယ်နှင့် (၆၃.၅) ကီလိုတန်း ကွာတားဖိုင်နယ် ပွဲစဉ်များကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်နေ့တွင် (၆၇) ကီလိုကွာတားဖိုင်နယ်၊ (၇၀) ကီလိုကွာတားဖိုင်နယ်နှင့် အမျိုးသမီး (၅၀) ကီလိုတန်း ကွာတားဖိုင်နယ်ပွဲစဉ်များအားလည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်အကောင်ထည်ဖော်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ အမှန်တကယ် စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေးကို လစဉ်ပထမအပတ်ရက်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည်။

အဆိုပါ တောင်သူလယ်သမားဈေးတွင် သန့်ရှင်းလတ်ဆက်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်၊ အစရှိသော ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်များ၊ ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်၊ အာလူး၊ အစရရှိသော ဒေသထွက်ဟင်းသီးဟင်းရွက် (စားဖိုဆောင်သီးနှံ) အရောင်းဆိုင်ခန်းများနှင့် ကရင်ပြည်နယ်ဆန်ကုန်သည်၊ ဆီကုန်သည်အသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းဖြင့် ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ၊ အရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်းဆိုင်ခန်းပေါင်း(၄၀)ကျော်ဖြင့် ဘေးဥပဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံ တိုက်ရိုက်ရောင်းချသည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်လျော့နည်းပြီး စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် စာသုံးသူများအတွက်လည်း အကျိုးဖြစ်စေသည်။

ထို့သို့ တောင်သူလယ်သမားဈေးတွင် အများပြည်သူစားသုံးသူထံသို့ သက်သာသောဈေးနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချနေမှုအခြေအနေများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အဆိုပါတောင်သူလယ်သမားဈေးကို လစဉ် ပထမအပတ်နေ့ရက်များ၌ ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်က လစဉ်ပိုမိုတိုးချဲ့ဖွင့်လှစ်ရောင်းချနိုင်ရေး စားသောက်ကုန်အမျိုးအစားများစွာ ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့‌ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post