Eleven Media Group

တနသင်္ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကိုတွေ့ဆုံ၍ ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့်ဘေးအန္တရာယ် ကျရောက်နေသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆွေးနွေး

တနသင်္ာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များကိုတွေ့ဆုံ၍ ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ဘေးအန္တရာယ်ကျရောက်နေသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်းသိရသည်။

တနသ်ာရီတိုင်းဒေသကြီးရှိ လောင်းလုံးမြို့နယ်နှင့်သရက်ချောင်းမြို့နယ်များတွင်ဖြစ်ပေါ်နေသည့်သဘာဝဘေး အန္တရာယ်များကြောင့်လိုအပ်သည့်ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရန်ရောက်ရှိနေသည့် အရေးပေါ် ကူညီကယ်ဆယ် ရေးအဖွဲ့များကိုအောက်တိုဘာ ၁ ရက်နေ့ကထားဝယ်မြို့တွင်တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ထားဝယ်မြို့၊ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီ ကယ်ဆယ်ရေးအဖွဲ့ရုံးသို့သွားရောက်၍ ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့်ဘေးအန္တရာယ် ကျရောက်နေသည့် ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊အရေးပေါ်လူနာကူညီကယ်ဆယ်ရေး နှင့် ကူညီ ထောက်ပံ့ ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့်ရပ်နီးရပ်ဝေးမှကူညီကယ်ဆယ်ရေး အဖွဲ့များကို တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေဘေးနှင့်မြေပြိုသည့်ဘေးသင့်ပြည်သူများအတွက်လိုအပ်သည့်ရှာဖွေကယ် ဆယ်ရေးနှင့်အရေးပေါ်လူနာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊စက်ယန္တရားအပါအဝင်လိုအပ်သော စက်ပစ္စည်းများကိုထပ်မံပို့ပေးသွားမည် ဖြစ်ကြောင်း ‌ပြောကြားခဲ့သည်။

လက်ရှိလိုအပ်သည့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ဆောင်ရွက်ရာတွင်လိုအပ်သည့်လူအင်အား၊ယာဉ်ယန္တရား၊စက်သုံးဆီနှင့်ကယ်ဆယ်ရေးပစ္စည်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန်ပို့ဆောင်ပေးသွားမည်ဖြစ်သလိုပြည်သူများအားလုံခြုံသည့်နေရာများသို့အမြန်ဆုံးရွှေ့ ပြောင်းပေးနိုင်ရေးနှင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေးအထူးအလေးထားဆောင်ရွက်ပေးမည်ဖြစ်‌ ကြောင်းပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့်ပရဟိတနှင့် လူမှုကူညီရေးအဖွဲ့များ အနေဖြင့် သက်ဆိုင်ရာဌာနများနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်ကြရန်၊ဘေးအန္တရာယ်ဖြစ်ပွားသည့်နေရာဒေသများနှင့်လိုအပ်ချက်များကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးမှန်ကန်သောသတင်းအချက်အလက်များရယူမျှဝေကြရန်နှင့်လိုအပ်သည့်နေရာများသို့ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံးရောက်ရှိနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုအ ရေးပေါ်ဆောင်ရွက်နေရသကဲ့သို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်းအင်တိုက်အားတိုက် ထိထိ ရောက်ရောက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊မိမိတို့ဒေသသို့လာရောက်ကူညီဆောင်ရွက်ပေးသည့်အတွက်လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းပြောကြားပြီးကယ်ဆယ်ရေးအဖွဲ့များအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။

သဘာဝဘေးသင့်သည့်နေ ရာများသို့မွန်၊ကရင်၊ရန်ကုန်နှင့်တခြားဒေသများမှ ပရဟိတ အသင်းများ၊ ကူညီဆောင်ရွက်သူများ ရောက်ရှိနေပြီးတနသ်ာရီတောင်ဘက်ပိုင်းရှိမြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်ခရိုင်နှင့် ကော့သောင်းခရိုင်မှကူညီကယ်ဆယ်ရေးအဖွဲ့များမှာရေကြီး ၊ မြေပြိုမှုများကြောင့်သွားလာမရ ဖြစ်နေ ကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group