Eleven Media Group

■ အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်း တရုတ်(တိုင်ပေ) သို့ ရောက်လာတော့မည်

ဒီမိုကရေစီစနစ် ကျင့်သုံးနေသော တရုတ်(တိုင်ပေ)က တရုတ်၏တိုက်ခိုက်မှုအလားအလာကိုဟန့်တားရန် ၎င်း၏စစ်ရေးစွမ်းရည်များကိုအဆင့်မြှင့်တင်လျက်ရှိရာ တရုတ်(တိုင်ပေ)သည် အောက်တိုဘာ ၂ ရက်တွင် အမေရိကန်ထုတ် F-16V တိုက်လေယာဉ်နှစ်စင်းကို လက်ခံရရှိမည်ဖြစ်သည်။

F-16V တိုက်လေယာဉ်များသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပထမသက်တမ်းအတွင်းတွင် အတည်ပြုခဲ့သည့် F-16V တိုက်လေယာဉ် ၆၆ စင်းအတွက် အမေရိကန်ဒေါ်လာရှစ်ဘီလျံရှိ‌ အရောင်းအဝယ်၏ အစိတ်အပိုင်းဖြစ်ပြီး ထိုတိုက်လေယာဉ်များကို ယခုနှစ်တွင်ပေးပို့သွားရန်စီစဉ်ထားသည်။

တရုတ်ကတရုတ်(တိုင်‌ပေ)ကို ၎င်း၏ပိုင်နက်အစိတ်အပိုင်းဖြစ်သည်ဟု ပြောဆိုထားပြီး အင်အားသုံး သိမ်းပိုက်ရန်ခြိမ်းခြောက်ထားသည်။ တရုတ်သည်တရုတ်(တိုင်ပေ) သို့အမေရိကန်၏လက်နက်ရောင်းချမှုများကိုဆန့်ကျင်ကြောင်းပြောကြားထားသည်။

အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာကုမ္ပဏီဖြစ်သော Lockheed Martinထုတ် F-16V တိုက်လေယာဉ်နှစ်စင်းသည် တရုတ်(တိုင်ပေ)ကျွန်း၏အရှေ့ တောင်ကမ်းရိုးတန်း‌ပေါ်က Taitung ရှိတရုတ်(တိုင်ပေ)၏လေတပ်အခြေစိုက်စခန်းတွင်ဆင်းသက်မည်ဖြစ်သည်။

အဆိုပါတိုက်လေယာဉ်များသည် ဟာဝိုင်ယီနှင့် ဂူအမ်တို့တွင် လောင်စာပြန်ဖြည့်ရန် ရပ်နားခဲ့ကြပြီးနောက် စက်တင်ဘာလဆန်းပိုင်းတွင် ရောက်လာမည်ဟုမျှော်လင့်ထားခဲ့သည်။

ဂူအမ်ဆီ ပျံတက်ခဲ့ပြီး မကြာမီ တိုက်လေ ယာဉ်နှစ်စင်းသည် ဟာဝိုင်ယီသို့ ပြန်လှည့်သွားခဲ့သည်ဟု ဒေသတွင်းမီဒီယာကဖော်ပြခဲ့သည်။ ယင်းသို့ပြန်လှည့်သွားရသည့်အကြောင်းကိုတရားဝင် ရှင်းလင်းချက်ထုတ်ပြန်ပေးခြင်းမရှိပေ။

ဒေါ်လာ ၁၄ ဘီလျံရှိ သီးခြား လက်နက်ဝယ်ယူမှုကို ဝါရှင်တန်ထံမှအတည်ပြုချက်အားတရုတ်(တိုင်ပေ)က စောင့်ဆိုင်းနေချိန်တွင် F-16V တိုက်လေယာဉ်များရောက်လာမည်ဖြစ်သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group