
စင်ကာပူနိုင်ငံတွင် ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်းလာချိန် အစိုးရဝန်ထမ်းများအတွက် ချစ်သူရှာဖွေပေးသည့် ဝန်ဆောင်မှုတစ်ခုကို ယခုသီတင်းပတ်အတွင်း စတင်လိုက်ပြီဖြစ်သည်။
FirstDate ဟု အမည်ပေးထားပြီး အသက် ၂၁ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ အသုံးပြုနိုင်သည်။ FirstDate ဝန်ဆောင်မှုက ပုံမှန်ချစ်သူရှာဖွေသည့် ပုံစံနှင့်မတူဘဲ နိုဘယ်ဆုရ သင်္ချာပညာရှင်များ၏ သုတေသနကို အခြေခံထားသည့် အယ်လ်ဂိုရီသမ်ဖြင့် တစ်ကြိမ်လျှင် လူတစ်ဦးနှင့်သာ ချိန်းတွေ့ရန် တွဲဖက်ပေးမည်ဖြစ်သည်။
ဝန်ဆောင်မှုအသုံးပြုသူများသည် စင်ကာပူနိုင်ငံ၏ ဒစ်ဂျစ်တယ်အထောက်အထား စနစ်မှတစ်ဆင့် ဝင်ရောက်ပြီး မိမိတို့၏ စိတ်ဝင်စားမှုများ၊ နေ့စဉ်အလေ့အထများနှင့် တန်ဖိုးထားမှုများအကြောင်း မေးခွန်းများ ဖြေဆိုရမည်။
သို့သော် ယင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ နိုင်ငံသားများအကြား သဘောထားအမျိုးမျိုး ထွက်လာခဲ့သည်။ အချို့က ကိုယ်ရေးကိုယ်တာကိစ္စများအပေါ် အစိုးရက ဝင်ရောက်ထိန်းချုပ်နေသကဲ့သို့ ခံစားရစေသည်ဟု ဝေဖန်ကြကာ အချို့ကလည်း စမ်းသုံးကြည့်ရန် စိတ်ဝင်စားနေကြသည်။
FirstDate ၏ ဝက်ဘ်ဆိုက်တွင် ယင်းအစီအစဉ်ကို Gale-Shapley Stable Marriage algorithm ဟုခေါ်သည့် အယ်လ်ဂိုရီသမ်ဖြင့် လည်ပတ်ထားကြောင်း ဖော်ပြထားသည်။ လူအရေအတွက် တူညီသည့် အုပ်စုနှစ်ခုမှ လူများကို တစ်ဦးချင်းစီ၏ နှစ်သက်မှုများအပေါ် အခြေခံ၍ သင့်လျော်အောင် တွဲဖက်ပေးသည့် သင်္ချာနည်းလမ်းတစ်ခုဖြစ်သည်။
ကွယ်လွန်သွားပြီဖြစ်သည့် သင်္ချာပညာရှင် လွိုက်ရှပ်ပလီသည် ယင်းအယ်လ်ဂိုရီသမ်ကို ဖော်ထုတ်ခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ်က စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့သည်။ အဆိုပါ အယ်လ်ဂိုရီသမ်ကို အစိုးရကျောင်းများတွင် ကျောင်းသားလက်ခံမှုစနစ်၊ ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ နေရာချထားပေးမှုနှင့် ချစ်သူရှာဖွေသည့် အက်ပ်များအပါအဝင် နယ်ပယ်အမျိုးမျိုးတွင် အသုံးပြုသည်။
စင်ကာပူတွင် ၂၀၂၅ ခုနှစ်အတွင်း မွေးဖွားသည့် ကလေးအရေအတွက်သည် ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၃၀,၀၀၀ အောက်သို့ ကျဆင်းခဲ့သည်။
ထို့နောက် ဩဂုတ်တွင် ဝန်ကြီးချုပ်လောရင့်စ်ဝေါင်က မိသားစုများကို ပိုမိုထောက်ပံ့ပေးရန်နှင့် စုံတွဲများ ကလေးယူရန် အားပေးသည့်အနေဖြင့် အစီအမံသစ်များ ကြေညာခဲ့သည်။ ယင်းအစီအမံများတွင် ကလေးတစ်ဦးနှုန်းလျှင် အသက် ၁၇ နှစ် ပြည့်သည့်အချိန်အထိ စင်ကာပူဒေါ်လာ ၇၀,၀၀၀ နီးပါး ထောက်ပံ့ပေးမည့် အစီအစဉ်လည်း ပါဝင်သည်။
Ref: BBC
Photo: Getty Images