Eleven Media Group

■ ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ကမ်းလွန်တွင် နစ်မြုပ်ခဲ့သည့် ငါးဖမ်းသင်္ဘောပေါ်မှ ပျောက်ဆုံးနေသည့် မြန်မာရေလုပ်သား ခြောက်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိ

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ကမ်းလွန်တွင် စက်တင်ဘာ ၂၁ ရက်က နစ်မြုပ်ခဲ့သည့် ငါးဖမ်းသင်္ဘောပေါ်မှ ပျောက်ဆုံးနေသည့် မြန်မာရေလုပ်သား ခြောက်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း Thailand News သတင်း၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

သင်္ဘောသား ၂၂ ဦးလိုက်ပါလာသည့် S. Kanchanawari 888 အမည်ရှိ အဆိုပါ ငါးဖမ်းသင်္ဘောသည် စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီခန့်က မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

သင်္ဘောနစ်မြုပ်ချိန်က ၁၅ ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့ကြပြီး အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး သင်္ဘောကပ္ပတိန် ဝီချန် မာအီယန်းသေဆုံးသွားခဲ့ပြီး ‌ခြောက်ဦးပျောက်ဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့နောက် ရှာဖွေရေး လုပ်ငန်းများကို စတင်ခဲ့ပြီး သင်္ဘောကို ကမ်းခြေသို့ ဆွဲယူခဲ့သည်။

အဆိုပါနစ်မြုပ်ခဲ့သည့် သင်္ဘောကို စက်တင်ဘာလ ၃၀ ရက်တွင် ကမ်းစပ်သို့ဆွဲတင်နိုင်ခဲ့ပြီး ရှာဖွေခဲ့ချိန်တွင် သင်္ဘောအတွင်းရှိ အခန်းများအတွင်း ပိတ်မိနေကြသော ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး မြန်မာရေလုပ်သားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ ရှာဖွေရေးလုပ်ငန်းစဥ်ကို အဆုံးသတ်ခဲ့သည်။

Ref: Thailand News

မူရင်းသတင်း — Eleven Media Group