Eleven Media Group

■ ပုဂံ-ညောင်ဦးဒေသရှိဟိုတယ်များတွင် လာမည့်သီတင်းကျွတ်ကာလအတွက် အခန်းကြိုတင်မှာယူမှု များပြားနေပြီး အခန်းလွတ်နည်းပါးနေ

■ ပုဂံ-ညောင်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တွေ့ရစဉ်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဟိုတယ်များ လာမည့်သီတင်းကျွတ်ကာလရုံးပိတ်ရက် အောက်တိုဘာလ ၂၄ မှ ၂၇ နေ့အထိ အခန်းကြိုတင်မှာယူမှုများ များပြားနေပြီး အခန်းလက်ကျန်နည်းပါးကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဝင်ရောက်မှု ပြန်လည်များပြားလာပြီး ဒေသခံများမှာ အစားအသောက် ၊ အမှတ်တ ရအရောင်းပစ္စည်းဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“တောင်ပြုံးပွဲတို့ အဘထွက်ပွဲတို့နဲ့ ဆက်ပြီး ခရီးသွားတွေ ပုဂံကို ပြန်ဝင်လာတယ်။လာမယ့်သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်အတော်များများ ကြိုတင်အမှာတွေနဲ့ ပြည့်နေပြီ။ အခုရက်ပိုင်းမှ အခန်းမှာမယ်ဆို မလွယ်လောက်ဘူး။ ပုဂံမှာ ဧည့်ပါးတာ သုံးလ လေးလ လောက်ရှိပြီ။ လာမယ့်ရက် ဝင်လာမယ့်ဧည့်တွေအတွက် အကုန်ပြင်ဆင်နေကြပြီ”ဟု ပုဂံညောင်ဦးဒေသမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ကိုနိုင်ကပြောကြားသည်။

လာမည့်သီတင်းကျွတ်ကာလတွင် ပုဂံရှေးဟောင်းနယ်မြေတွင် မီးပုံးပျံများလွှတ်တင်ရန် စီစဉ်နေပြီး နေရာသုံးနေရာခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ညီမတို့က သီတင်းကျွတ်ရုံးပိတ်ရက်မို့ သွားကြမှာကို တစ်လကျော်လောက်ကြိုပြီး အခန်းမှာထားရတယ်။ အခုအခန်းထပ်လိုချင်လို့ ဟိုတယ်ဆက်တော့ အခန်းမရတော့ဘူး။ guest house တွေကတော့ အခန်းရသေးတယ်။ ဟိုတယ်ကတော့ အောက်တိုဘာ ၂၇ လောက်မှ ရမယ်ပြောတယ်”ဟု သီတင်းကျွတ်ကာလပုဂံသို့သွားရောက်မည့် မယုယကပြောကြားသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်မှစ၍ ပုဂံခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ဘုရားဖူးလာသူအချို့ ပြန်ပေးဆွဲခံရသည်ဟုယူဆရသောဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်အတွက် ခရီးသွားဝင်ရောက်မှု သိသာစွာလျော့ကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

မူရင်းသတင်း — Eleven Media Group