Eleven Media Group

■ ဂျပန်တွင် အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခ အဆ ၂၀ မြင့်တက်

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာတွင် ပေးဆောင်ရသည့် အခကြေးငွေကို ယခင်ယန်း ၁၀,၀၀၀ မှ ယန်း ၂၀၀,၀၀၀ အထိ အဆ ၂၀ တိုးမြှင့်လိုက်သည်။

ထို့ပြင် သတ်မှတ်ချက်များလည်း ထပ်တိုးလာပြီး အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူများအနေဖြင့် ဝင်ငွေအဆင့်၊ ပင်စင်ပေးသွင်းမှုနှင့် ဂျပန်ဘာသာစကားကျွမ်းကျင်မှု အချက်များပါ ပြည့်မီရန် လိုအပ်သည်။

အောက်တိုဘာ ၁ ရက်မှ စတင်တိုးမြှင့်လိုက်ပြီး ထိုရက်မတိုင်မီ လူဝင်မှုကြီးကြပ်ရေး ရုံးများရှေ့တွင် လျှောက်ထားသူများနှင့် လူတန်းရှည် ဖြစ်ခဲ့ပြီး တိုကျိုမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် စောင့်ဆိုင်းချိန် ၇ နာရီကျော်အထိ ရှိခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ တိုးမြှင့်မှုသည် ဝန်ကြီးချုပ်တာကာအိချိ လက်ထက် ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အပြောင်းအလဲများထဲမှ တစ်ခုဖြစ်ပြီး တိုးပွားလာသည့် နိုင်ငံခြားသားဦးရေကို စီမံခန့်ခွဲရန် ရည်ရွယ်သည်။

ဇူလိုင်လအတွင်း ဂျပန်နိုင်ငံသည် နိုင်ငံခြားသားများအတွက် ဗီဇာလျှောက်ထားခများကို ငါးဆတိုးမြှင့်ထားပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ဗီဇာလျှောက်ထားခ မြင့်တက်လာခြင်းဖြစ်သည်။

ယခင်က ဂျပန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် မရသေးသူများသည် နေထိုင်ခွင့်အမျိုးအစား ပြောင်းလဲရန် သို့မဟုတ် နေထိုင်ခွင့်ကာလ သက်တမ်းတိုးရန် လျှောက်ထားတိုင်း ယန်း ၆,၀၀၀ ပေးဆောင်ရသည်။ သို့သော် အောက်တိုဘာ ၁ ရက်မှစတင်ကာ လျှောက်ထားလိုသည့် နေထိုင်ခွင့်ကာလအပေါ် မူတည်ပြီး အခကြေးငွေ ကွာခြားသွားမည်။

သုံးလနှင့် ယင်းထက်နည်းသည့် နေထိုင်ခွင့်အတွက် ယန်း ၁၀,၀၀၀ မှ စတင်ကာ ငါးနှစ်နှင့်အထက် နေထိုင်ခွင့်အတွက် ယန်း ၇၅,၀၀၀ အထိ ပေးဆောင်ရမည်။

ငွေကြေးအခက်အခဲ ရှိနေသူများနှင့် ဒုက္ခသည်အဖြစ် သတ်မှတ်ခံထားရသူများအတွက်မူ လျှော့ပေါ့ပေးမည်ဖြစ်သည်။

■ Ref: BBC

မူရင်းသတင်း — Eleven Media Group