Eleven Media Group

■ ရုရှားပိုင်နက် တိုက်ခိုက်ခံရပါက လက်နက်တိုက်ထဲမှ လက်နက်အားလုံး ထုတ်သုံးမည်ဟု ပူတင်ထပ်သတိပေး

ရုရှားပိုင်နက်တစ်ခုခု တိုက်ခိုက်ခံရပါက ရှိသမျှလက်နက်အားလုံး ထုတ်သုံးပြီး တုံ့ပြန်သွားမည်ဟု သမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁ ရက်တွင် ထပ်မံသတိပေးလိုက်သည်။

ရုရှားက ဥရောပနိုင်ငံများကို တိုက်ခိုက်ရန် စီစဉ်ထားခြင်းမရှိကြောင်း ယခင်က ပြောထားသည့်အတိုင်း ယခုလည်း ပူတင်က ပြောနေပြန်သည်။ သို့သော် ရုရှားအပေါ် ကျူးကျော်တိုက်ခိုက်လာပါက မိမိတို့ပိုင်ဆိုင်သည့် လက်နက်အင်အား အားလုံးဖြင့် တုံ့ပြန်သွားမည်ဟု မော်စကိုတွင်ပြုလုပ်သည့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဖိုရမ်တစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများက လာမည့်နှစ်များအတွင်း ရုရှားနှင့်စစ်ဖြစ်ရန် ပြင်ဆင်နေပြီဆိုသည့် ပြောဆိုခြင်းများ ၊ ဘောလ်တစ်ပင်လယ်အတွင်း ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများ ၊ ရုရှားပိုင် သင်္ဘောများကို သိမ်းဆည်းမှုများက အခြေအနေပိုတင်းမာစေသည်ဟု ပူတင်ကထောက်ပြကာ ရုရှားက အခြားနိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်နိုင်သည်ဟု ဥရောပခေါင်းဆောင်များက ပြောဆိုနေခြင်းသည် အန္တရာယ်ရှိကစားပွဲတစ်ခုကို ကစားနေခြင်းနှင့်တူသည်ဟု ပြောသည်။

အိုင်ယာလန်ရှိ ရုရှားသံရုံး ထုတ်ပြန်ချက်တွင်မူ NATO နိုင်ငံများက ကာလီနင်ဂရက်ဒေသကို ရုရှားနိုင်ငံ၏ အခြားဒေသများနှင့် သီးခြားဖြစ်အောင် ကြိုးပမ်းပါက နျူကလီးယားလက်နက်အပါအဝင် လက်နက်အားလုံးကို ထုတ်သုံးပြီး ကာကွယ်ရန်အသင့်ဟု ဖော်ပြခဲ့သည်။

NATO နိုင်ငံများသည် လတ်တလောလများအတွင်း ဘောလ်တစ်ပင်လယ်ဒေသ၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာကြပြီး အောက်တိုဘာတွင် ထပ်မံပြုလုပ်ရန် စီစဉ်ထားသည်။ ဥရောပ ခေါင်းဆောင်များနှင့် ထောက်လှမ်းရေးအဖွဲ့များက ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ခဲ့ပါက လာမည့်နှစ်အနည်းငယ်အတွင်း အခြားနိုင်ငံတစ်ခုခုကို ရုရှားက တိုက်ခိုက်လာနိုင်ခြေရှိကြောင်း တွက်ချက်ထားကြသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group