Eleven Media Group

ကျောက်ကပ်အစားထိုး ကုသရန်အတွက် အမျိုးသားတစ်ဦးကို ကျောက်ကပ်ထုတ်ပေးပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟု လူလေးဦးက ပြောဆိုစည်းရုံးပြီး အိန္ဒိယနိုင်ငံသွားစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီး

ကျူးလွန်သူနှစ်ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ပြီး ကျန်နှစ်ဦးမှာ တိမ်းရှောင်နေဆဲဖြစ်

ကျောက်ကပ်အစားထိုး ကုသရန်အတွက် အမျိုးသားတစ်ဦးကို ကျောက်ကပ်ထုတ်ပေးပါက ကျပ်သိန်း ၁၀၀ ပေးမည်ဟု လူလေးဦးက ပြောဆိုစည်းရုံးပြီး အိန္ဒိယနိုင်ငံသွားစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိသည့် ကျူးလွန်သူ နှစ်ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ပြီး ကျန်နှစ်ဦးမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အာလဝီဝန်းနေ အမျိုးသားတစ်ဦးအား မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နေ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်၊ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့ လေးဦးမှ ကျောက်ကပ်အစားထိုး ကုသရန်အတွက် ကျောက်ကပ်ထုတ်ပေးပါက ငွေကျပ်သိန်း ၁၀၀ ပေးမည်၊ ဆေးစစ်ပေးမည်၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည်၊ တည်းခိုစရိတ်နှင့် လက်မှတ်ခများ အကုန်ကျခံပေးမည်ဟု ပြောဆိုစည်းရုံးပြီး အိန္ဒိယနိုင်ငံသို့သွားရန် ရန်ကုန်လေဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု စိစစ်တွေ့ရှိရကြောင်း သိရသည်။

ယင်းနောက် မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၁၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (ခ) ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group