Eleven Media Group

■ ပြင်သစ်အထက်တန်းကျောင်းသားများ၏ ဆန္ဒပြပွဲများကြောင့်နိုင်ငံတစ်၀န်းရှိ စာသင်ကျောင်းရာပေါင်းများစွာကို ပိတ်ထားခဲ့ရ

စာသင်ကျောင်း ၅၆၀ ကျော်ကို ပိတ်ခဲ့ရသော သို့မဟုတ် ပညာရေးကိုအနှောင့်အယှက်ဖြစ်စေသောဆန္ဒပြပွဲများ လျော့ပါးသွားသည့်လက္ခဏာမမြင်ရသည့်အနေအထားတွင် အောက်တိုဘာ ၂ ရက်ကပြင်သစ်အထက်တန်းကျောင်းသားများသည် ကျောင်းများ၏ပြင်ပ၌မီးများရှို့ခဲ့ကြပြီး ရဲများနှင့်ထိပ်တိုက်တွေ့ခဲ့ကြသည်ဟုသိရသည်။

လွန်ခဲ့သောသီတင်းပတ်တုန်းက ပါရီဒေသတွင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်၀န်းလျင်မြန်စွာကူးစက်သွားခဲ့သည့်လှုပ်ရှားမှုကြောင့် ကျောင်းပြီးခါနီး အထက်တန်း ကျောင်းသားကျောင်းသူများသည် ကျောင်းများထဲ၀င်ရန် ပိတ်ပင်ခံရပြီး ရဲများနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။

စာသင်ချိန် များလွန်းနေပြီး ပူလောင်လွန်းသည့်စာသင်ခန်းများအပါအ၀င် လုံလောက်မှုမရှိသည့်အခြေအနေများနှင့် ဆရာပျက်ကွက်မှုများ, များပြားလွန်းနေသည်ဟု ကျောင်းသားများကပြော သည်။

"တစ်နှစ်လုံးအတွက် ကျွန်တော်တို့မှာသိပ္ပံဘာသာပြဆရာမရှိပါဘူး။ ကျွန်တော်တို့မှာပြဌာန်းစာအုပ်တွေဆိုတာလည်းမရှိပါဘူး"ဟု အသက် ၁၅ နှစ်ရှိ ဆိုင်မွန်က ပါရီအလယ်ပိုင်း တားဂေါ့အထက်တန်းကျောင်း၏အပြင်ဘက်တွင် AFP ကို ‌ပြောသည်။

"ဒါတောင် ကျွန်‌တော်တို့ကတော့ ကံကောင်းတဲ့ကျောင်းသားတွေဖြစ်နေပါတယ်။ ဆင်ခြေဖုံးတွေမှာ ပိုတောင် ဆိုးနေပါတယ်"ဟု ဆိုင်မွန်ဆိုသည့် မျိုးရိုးအမည်ကိုသာ‌ပြောသောယင်းကျောင်းသားက ပြောသည်။

မကျေနပ်ချက်များသည်သဘာဝကျသည်ဟုအစိုးရကပြောကြားသော်လည်းမကျေနပ် ချက်များကို ယခုကဲ့သို့ထုတ်ဖော်ခြင်းကိုမြို့ပြအကြမ်းဖက်မှုအဖြစ်အစိုးရကရှုတ်ချခဲ့သည်။

ကျောင်းသားများက ရဲတို့သည်အင်အားအလွန်အကျွံသုံးခဲ့သည်ဟုစွပ်စွဲပြောကြားခဲ့ပြီးဆန္ဒပြပွဲများကိုဖြိုခွင်းရန်မျက်ရည်ယိုဓာတ်ငွေ့များကို ပုံမှန်ပစ်ပေါက်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရခြင်းများကိုဖြစ်ပေါ်စေခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၂ ရက်တွင် ပါရီရှိ အထက်တန်းကျောင်း နှစ်ကျောင်း၏၀င်ပေါက်များသည် မီးကြောင့် ပျက်စီးခဲ့ရသည်။ ထိုမီးများကို ငြှိမ်းသတ်ရန် မီးသတ်ကို ခေါ်ခဲ့ရသည်ဟု AFP ဓာတ်ပုံဆရာကပြောကြားသည်။

■ Ref:AFP

မူရင်းသတင်း — Eleven Media Group