Eleven Media Group

အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရာတွင် အဓိက အဟန့်အတားပြုနိုင်ပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးတတ်သည့် "ရောဂါဆိုးကြီးတစ်ခု"ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရာတွင် အဓိက အဟန့်အတားပြုနိုင်ပြီး လူ့အဖွဲ့အစည်းကို ဖျက်ဆီးတတ်သည့် "ရောဂါဆိုးကြီးတစ်ခု"ဟု ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ (အောက်တိုဘာ ၂ ရက်) နံနက်ပိုင်းက ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင်နှင့်တာဝန် ရှိသူများ၊ CPU အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့ကျင်းပပြုလုပ်သည့် "အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ" သို့ တက်ရောက်ကြပါသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများအား ကျေးဇူးတင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုဆွေးနွေးပွဲမှ အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များ၊ သတိမထားမိဘဲ လုပ်ဆောင်မိရာမှ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်သွားနိုင်သည့် အခြေအနေများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြစ်မှု ပြစ်ဒဏ်များကို သေသေချာချာ သိရှိနားလည်ခွင့်ရကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အဂတိလိုက်စားမှုသည် နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရာတွင် အဓိက အဟန့်အတားပြုနိုင်သည့်၊ လူ့အဖွဲ့အစည်းကို ဖျက်ဆီးတတ်သည့် "ရောဂါဆိုးကြီးတစ်ခု"ဟု ဆိုနိုင်ကြောင်း၊ အဂတိလိုက်စားမှုသည် “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း” ဖြစ်ပြီး မိမိ၏ ကိုယ်ကျိုးစီးပွား အကျိုးအမြတ်အတွက် သိလျက်နှင့် ကျူးလွန်တတ်သည့် ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖက်ဖက်မှ နောက်ကျကျန်ရစ်စေပါကြောင်း၊ အဆိုးရွားဆုံးအနေဖြင့် ဌာနဆိုင်ရာများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုများ လျော့ကျစေသည့်အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေတတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်မိပါက ဥပဒေအရ ထိရောက်စွာအရေးယူခံရမည့်အပြင် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း မိမိနှင့် မိသားစု၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ထိခိုက်ကျဆင်းစေမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အထူးသိရှိ ရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို ကိုယ်တိုင်လိုက်နာရုံတင်မကဘဲ မိမိတို့ပတ်ဝန်းကျင်နှင့် မိမိတို့အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အားလုံးပူးပေါင်းပါဝင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဖော်ဆောင်ပေးနိုင်သည့် အဂတိကင်းစင်ပြီး သန့်ရှင်းသောဌာနအဖွဲ့အစည်းဖြစ်အောင် အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ကော်မရှင်အနေဖြင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းကဏ္ဍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုများကို မဖြစ်မီကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို ကျင့်သုံးလိုက်နာရမည်ဖြစ်သကဲ့သို့ အစိုးရဌာန/ အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန် ထားမှုများကိုလည်း လိုက်နာကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group