
နေပြည်တော်၊ အောက်တိုဘာ ၃
တောင်ငူ ပညာရေးဒီဂရီ ကောလိပ်၌ ကာယပညာနှင့် အားကစားဒီပလိုမာသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်လျက်ရှိပြီး အဆိုပါသင်တန်းရှိ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများကို ယမန်နေ့က ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် အဆိုပါကောလိပ်ရှိ မြတ်ပညာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများ ပြုစုပျိုးထောင် မွေးထုတ်ရာတွင် အရေးပါသည့် ကာယဆရာ ဆရာမများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ ကိုယ်တိုင်တတ်ကျွမ်းနားလည်မှသာ ထူးချွန် ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင် မည်ဖြစ်ကြောင်းမှာကြားကာ သင်တန်းသားများအတွက် ချီးမြှင့်ထောက်ပံ့ငွေနှင့် စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်သည်။
ထို့ပြင် ကောလိပ်ရှိ ကာယပညာနှင့် အားကစားဒီပလိုမာ သင်တန်းနည်းပြ ဆရာ ဆရာမ များနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပညာရေးစီမံ ခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) ရှိ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၁၀/၂၀၂၆) သင်တန်းသား သင်တန်းသူများဖြစ်သည့် အထက်တန်းကျောင်းအုပ်ဆရာ ဆရာမများ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းအတွင်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News #Myanmar