








နေပြည်တော်၊ အောက်တိုဘာ ၃
၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲ ဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီးဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများက ကွင်းအတွင်းဆက်လက်နေရာယူကြသည်။ ထို့နောက် ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော်အားကစားနှင့် ကာယ ပညာ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့က ဖွင့်ပွဲစာတမ်းပါ မိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍ လွှတ်တင်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမားများ၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခုကဲ့သို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ကျင်းပပေးနေရခြင်းဖြစ်ကြောင်း။
မြန်မာ့အားကစားကဏ္ဍတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် တပ်မတော်အနေဖြင့် တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံ ကျောင်းကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်မှ ယနေ့ထိတိုင်အောင် တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစား သမားများသာမက မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည့် လက်ရွေးစင်အားကစားသမားများကိုပါ မွေးထုတ်နိုင်ခဲ့သည်အထိ အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ထို့အပြင် မြန်မာ့အားကစားရွှေခေတ်လို့ ဆိုရမည့် ကာလများမှာလည်း မိမိတို့ တပ်မတော်သားများပါဝင်ပြီး အောင်မြင်မှုသရဖူဆောင်းခဲ့သည့် မှတ်တမ်းများကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အာရှအဆင့်အတွက်သာမက ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဘောလုံး၊ ရေကူး၊ အလေးမ၊ လက်ဝှေ့စသည့် အားကစားနည်းများတွင် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆောင်ကြဉ်းခဲ့ရုံသာမက မှတ်တမ်းများတစ်လျှောက် ယနေ့ထက်တိုင် သမိုင်းပုံရိပ်များအဖြစ် ထင်ကျန်နေ ဆဲဖြစ်ကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အားကစားနည်း ၁၂ မျိုးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရာဇဝင်သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ကျန်းမာကြံ့ခိုင်သည့် လူမျိုးများအဖြစ် အများကလေးစားအားကျရ လောက်သည်အထိ ကာယအား၊ ဉာဏအား ထွန်းပြောင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆန်ရေစပါးပေါများသည့် မိမိတို့နိုင်ငံတွင် စားသောက်နေထိုင်မှုများကို သဘာဝနှင့်အညီ နေထိုင်ကျင့်ကြံခဲ့ကြ၍ မိမိတို့၏ဘိုးဘေးဘီဘင်များ အသက်ရှည်ရှည် ကျန်းကျန်းမာမာနှင့် နေထိုင်နိုင်ခဲ့ကြကြောင်း၊ မိမိတို့၏ သန်စွမ်းကျန်းမာမှုများကို အလဟဿမဖြစ်စေဘဲ ကျရောက်လာသည့် သမိုင်းပေးတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များတွင် ကိုယ်ကျိုးမငဲ့ထမ်းရွက်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အားကစားနှင့်ပတ်သက်၍ ရှေးဘုရင်များ အုပ်စိုးစဉ်အခါကပင် လှေသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲများ ကျင်းပခဲ့သည့်အစဉ်အလာများရှိခဲ့သည်ကို ၁၂ လ ရာသီ ပွဲတော်မှတ်တမ်းများအရ သိရှိကြရမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေး၊ ရိုးရာယဉ်ကျေးမှုစသည့် အထိမ်းအမှတ်ပွဲတော်များကို ၁၂ ရာသီပတ်လုံး ကျင်းပခဲ့ကြသလို လှေသဘင်ပွဲနှင့် မြင်းခင်းသဘင်ပွဲမှတစ်ဆင့် တိုင်းပြည်ကာကွယ်ရေးအတွက် လိုအပ်သည့် စစ်သည်ရဲမက် သူရဲကောင်းရွေးချယ်ခြင်းများကိုလည်း ပြုလုပ်နိုင်ခဲ့ကြကြောင်း၊ တစ်နည်းအားဖြင့် ဉာဏပေါင်းစပ်ထားသည့် ကာယအားပြု အားကစားပြိုင်ပွဲများသည် နိုင်ငံတော်ကာကွယ်ရေးကို အထောက်အကူပြုစေရန်ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့တပ်မတော်အနေဖြင့်လည်း ယနေ့အားကစားပြိုင်ပွဲ အသီးသီးကို သတ်မှတ်ကာလများတွင်ကျင်းပစေပြီး ထူးချွန်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရှေ့အစဉ်အလာများ နှင့်အညီ ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ တပ်ခွဲအဆင့်၊ တပ်ရင်းအဆင့်၊ တပ်မအဆင့်၊ တိုင်းအဆင့်တို့မှတစ်ဆင့် တပ်မတော်ကိုယ်စားပြု အားကစားသမား တစ်ယောက်ဖြစ်လာခြင်းသည် နိုင်ငံ့လက်ရွေးစင်အားကစားသမား တစ်ယောက် ထပ်မံဖြစ်ပေါ်လာစေရန် အခွင့်အလမ်းကောင်း တစ်ရပ်ဟုလည်း ဆိုနိုင်မည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် အမျိုးသားရေးယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေဘဲ မျိုးဆက်သစ်များ ပေါ်ထွန်းစေရန် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အားကစားသမားကောင်းများ ပေါ်ထွက်အောင် အခုကဲ့သို့ (ကြည်း၊ ရေ၊ လေ)အား ကစားပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် နွေရာသီကျောင်း ပိတ်ရက်ကာလများတွင် ကျောင်းသားလူငယ်များ အတွက်ရေကြောင်း၊ လေကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများသည် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်း လာအောင် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။
ထို့အပြင် အသင်းအုပ်ချုပ်သူများ၊ နည်းပြအဖွဲ့ဝင် များအနေဖြင့်လည်း အားကစားသမားရွေးချယ်ခြင်း ကိစ္စရပ်များတွင် အမှန်တကယ်ခြေစွမ်းခြေစရှိသူများကို ရွေးထုတ်ပေးကြရန်လိုပြီး အားကစားနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်ရေးများကတစ်ဆင့် ရွေးချယ်ခြင်းမပြုကြရန်နှင့် အသင်းတာဝန်ရှိသူများ၏ သစ္စာတရားကို ပြသကြရန်လိုအပ်မည်ဖြစ်ကြောင်း။
စစ်ပွဲတစ်ပွဲတွင် အင်အားနည်းခြင်း၊ များခြင်း၊ လက်နက်အင်အား သာလွန်ခြင်းများထက် တိုက်ပွဲဝင်လိုစိတ်ပြင်းပြမှုနှင့် အနိုင်မခံအရှုံးမပေး စိတ်များကသာ ခေတ်အဆက်ဆက်တွင် ထိရောက်အောင်မြင် မှုရနေဆဲဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မကြာခင်က ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် အင်အားကြီး နာမည်ကျော်အသင်းကြီးများကို အကြောက်အရွံ့ကင်းမဲ့စွာ ယှဉ်ပြိုင်ကစားခဲ့ကြသည့် မျက်နှာသစ်ပြိုင်ပွဲဝင် နိုင်ငံငယ်အသင်းများကို တွေ့ရှိခဲ့ရကြောင်း။
မိမိတို့ထက် အစစသာလွန်သည့် အသင်းကြီး ဖြစ်သော်လည်း အကြောက်တရား မထားဘဲ ဗျူဟာမြောက်ကစားကွက်များနှင့် တုံ့ပြန်ကစားခဲ့သဖြင့် အသင်းကြီးအချို့ ရလဒ်မကောင်းခဲ့ကြသည်ကို လည်းတွေ့မြင်ခဲ့ရကြောင်း၊ ၎င်းသည် အားကစားသမားများ၏ နိုင်ချင်စိတ်၊ အောင်မြင်ချင်စိတ်ရှိခြင်း ကြောင့်ဟုလည်း ဆိုနိုင်မည်ဖြစ်ကြောင်း။
အားကစားပြိုင်ပွဲတွင် မိမိသာလျှင် “တော်သည်၊ တတ်သည်၊ ကောင်းသည်၊ မှန်သည်” ဆိုသည့် အစွဲသည် အသင်းအဖွဲ့တစ်ခုကို ထိခိုက်ပျက်စီးစေခြင်း၏ အစဖြစ်ကြောင်းကို အားလုံးသတိပြုကြရန်လိုကြောင်း၊ အသင်းလိုက်ကစားရသည့် ပြိုင်ပွဲများတွင် တစ်ဦးတစ်ယောက်အပေါ် လွန်ကဲစွာမှီခိုခြင်း မပြုသင့်ကြောင်း အသိတရားတစ်ခုကို အားကစားပွဲများကတစ်ဆင့်ရရှိစေပြီး အသင်းသားတိုင်း ညီညွတ်စုစည်းကြမှသာ အောင်မြင်မှုရရှိမည်ဆိုသည်ကိုလည်း သင်ခန်းစာရရှိစေမည်ဖြစ်ကြောင်း၊ အဆိုပါ သင်ခန်းစာများကို အားလုံးနားလည်သိရှိပြီး လိုက်နာကျင့်သုံးမည်ဆိုပါက အားကစားတွင်သာမက ဘဝလမ်းကြောင်းများတွင် အောင်မြင်မှုများ ရရှိကြမည်ဖြစ်ကြောင်းကို တိုက်တွန်းမှာကြားလိုကြောင်း။
မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ အသီးသီးတွင် ယနေ့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အားကစားသမားများသည် သမိုင်းကြောင်းလှပခဲ့သည့် တပ်မတော်အားကစားပုံရိပ် ပြန်လည်မြင့်မားစေရေး အစွမ်းကုန်ယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း။
မိမိအသင်းအတွက် အောင်မြင်မှုရရှိရန် ကြိုးစားသည့်နေရာတွင် အောင်ပွဲရရင်လည်း ပျော်သကဲ့သို့ အရှုံးကိုလည်း လက်ခံနိုင်သူများဖြစ်အောင် ကြိုးစားပြီး အားကစားသမားကောင်းစိတ်ဓာတ်ကို ပြသကြရန်၊ အားကစားကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကာကွယ်စောင့်ရှောက်နေသည်ဆိုသည့် အမျိုးသားရေးခံယူချက် အသိတရား မွေးမြူပြီး မလျှော့သော ဇွဲလုံ့လများနှင့် ကြိုးစားယှဉ်ပြိုင်ကြရန်၊ စည်းကမ်းကောင်းမွန်ပြီး စည်းလုံးညီညွတ်မှုရှိပါက မည်သို့သော ပြိုင်ဘက်မျိုးကိုမဆို ရင်ဆိုင်ယှဉ်ပြိုင်ဝံ့သည်ဆိုသည့် အသိတရားတစ်ခုကိုလည်း ဘဝတစ်သက်တာလုံး လက်ကိုင်ထားပြီး လိုက်နာကျင့်သုံးသွားကြရန်၊ ရည်ရွယ်ချက်ကောင်းများနှင့် ကျင်းပပေးလျက်ရှိသည့် မိမိတို့၏တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲအသီးသီးကတစ်ဆင့် ကိုယ်စီရှိထားကြသည့် အရည်အချင်း အသီးသီးကိုဖော်ထုတ်ပြီး နိုင်ငံတော်နှင့် တပ်မတော် အတွက် အားကိုးအားထားပြုရသည့် အားကစား သမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်၍ အလံတော်အဖွဲ့နှင့်အတူ ပြိုင်ပွဲဝင်အသင်းများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းပုံ ဖြင့် ချီတက်အလေးပြု ထွက်ခွာကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပွဲစဉ်တွင် တစ်ဖက်နှင့်တစ်ဖက်ရလဒ် ကောင်းရရှိနိုင်ရေး အပြန်အလှန် ဖိအားပေးကစားခဲ့ကြသော်လည်း ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အချိတ်အဆက်မိမိ၊ ကစားကွက်မိမိဖြင့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ကစားနိုင်ခဲ့ သောကြောင့် ပွဲကစားချိန် ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ တွင် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ် ပြိုင်ပွဲ၊ မြန်မာ့သိုင်း(ကျား/မ)ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ကရာတေးပြိုင်ပွဲနှင့် ရိုးရာခြင်းလုံး ပြိုင်ပွဲစသည့် အားကစားနည်းအမျိုးအစား ၁၂ မျိုးကို အောက်တိုဘာ ၁၆ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar