Myanmar National Post

ဒဏ်ရာရရှိခဲ့သည့် အိန္ဒိယနိုင်ငံသား FlyDubai လေယာဉ်မှူး မာချာ က ဝန်ကြီးချုပ် မိုဒီနှင့် ဖုန်းပြောဆိုစဉ် လေယာဉ်ခန်းအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပြန်လည်ပြောပြ


FlyDubai လေယာဉ်မှူးကြီး မာချာ သည် ၎င်း၏တွဲဖက်လေယာဉ်မှူး (co-pilot) ၏ တိုက်ခိုက်မှုကို ခံခဲ့ရစဉ် လေယာဉ်ပေါ်ရှိ အရေးပေါ်သုံး ပုဆိန်ဖြင့် ထုနှက်ခံနေရသည့်ကြားမှ အားအင်အကုန်ထုတ်ကာ လေယာဉ်မှူးခန်းတံခါးကို ဖွင့်နိုင်ခဲ့ပုံအကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ ထံ ပြန်လည်ပြောပြခဲ့သည်။

ကြာသပတေးနေ့က Abu Dhabi ရှိ ဆေးရုံကုတင်ပေါ်မှနေ၍ မိုဒီ နှင့် ဗီဒီယိုခေါ်ဆိုမှုပြုလုပ်စဉ် မာချာ က လေယာဉ်မှူးခန်းကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သော်လည်း လေယာဉ်မှာ ထိန်းချုပ်မရဘဲ အောက်သို့ထိုးဆင်းသွားသည်ကို ခံစားမိသောအခါ မဖြစ်မနေ ထရပ်ရမည်ဟု သဘောပေါက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော် အသက်ရှင်ဖို့အတွက် ရုန်းကန်နေခဲ့ရတာပါ" ဟု ၎င်းက မိုဒီ ကို ပြောသည်။ "ဒါပေမဲ့ လဲကျပြီး ဒဏ်ရာတွေအများကြီးရကာ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေရချိန်မှာ တစ်ခုကို သဘောပေါက်လိုက်တဲ့အချိန် ရှိခဲ့တယ်... အဲဒါကတော့ ကျွန်တော် မထဘူးဆိုရင်... ဒါနဲ့ပဲ တံခါးကို ဖွင့်လိုက်တာပါခင်ဗျာ၊ ပြီးတော့ တခြားသူတွေ ရောက်လာကြတယ်" ဟူ၍ ဖြစ်သည်။

"နောက်ဆုံးတစ်ကြိမ် အားစိုက်လိုက်စမ်းပါ Smit ရေ၊ လုပ်လိုက်စမ်းပါ" ဟု မိမိကိုယ်ကို ပြောခဲ့ပုံကို မာချာ က ပြန်ပြောင်းပြောပြသည်။ "တံခါးက ဟိုနားလေးမှာပဲ ရှိနေတာကိုး။"

လေယာဉ်မောင်းနှင်မှု အတွေ့အကြုံ ၁၇ နှစ်ရှိပြီဖြစ်သော အဆိုပါလေယာဉ်မှူးကြီးက လေယာဉ်ကို ဘေးကင်းလုံခြုံစေရေးအတွက် ဝင်ရောက်ကူညီခဲ့ကြသော ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က Dubai မှ Tel Aviv သို့ ပျံသန်းနေသော FlyDubai လေယာဉ် FZ1073 တွင် ခရီးသည် ၁၇၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၈ ဦး လိုက်ပါလာစဉ် တွဲဖက်လေယာဉ်မှူးက မာချာ ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ကို ထိန်းချုပ်မောင်းနှင်သူမရှိဘဲ စက္ကန့် ၃၀ မပြည့်မီအချိန်အတွင်း ပေ ၁၄,၀၀၀ ခန့် အောက်သို့ ထိုးဆင်းသွားခဲ့သည်။ တိုက်ခိုက်သူကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လေယာဉ်ပေါ်တွင် လိုက်ပါလာသော အခြား FlyDubai လေယာဉ်မှူးနှစ်ဦးက လေယာဉ်ကို ထိန်းချုပ်မောင်းနှင်ခဲ့ကြပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ Tabuk မြို့တွင် အရေးပေါ်ဆင်းသက်နိုင်ခဲ့သည်။

မိုဒီ က လေယာဉ်မှူးကြီး၏ ရဲစွမ်းသတ္တိနှင့် အရေးပေါ်အခြေအနေတွင် တည်ငြိမ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်စွမ်းကို ချီးကျူးစကားဆိုခဲ့ပြီး ၎င်းအနေဖြင့် မိမိအသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့်ကြားမှ ခရီးသည်များ၏ အသက်အန္တရာယ်ကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယတစ်ဝန်းလုံးရှိ ပြည်သူများက ၎င်းပြန်လည်ကျန်းမာလာစေရန် ဆုတောင်းပေးနေကြပြီး နေရပ်သို့ ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြကြောင်းလည်း မာချာ ကို ပြောကြားခဲ့သည်။

လေယာဉ်မှူးသည် မိမိကြုံတွေ့ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသော အခြေအနေများကို ပြန်လည်အမှတ်ရမိချိန်တွင် စိတ်လှုပ်ရှားကာ မျက်ရည်ကျမိသည့်အတွက် ဝန်ကြီးချုပ်ထံတွင် တောင်းပန်စကား ဆိုခဲ့သည်။ သို့သော် မိုဒီက "ကျွန်တော့်ရှေ့မှာတောင် စိတ်လှုပ်ရှားမှုမပြနိုင်ရင် ဘယ်နေရာမှာ ပြနိုင်မှာလဲ" ဟု ပြောကြားကာ သူ့အား နှစ်သိမ့်အားပေးခဲ့သည်။

အရေးပေါ်အခြေအနေ ဖြစ်ပွားနေစဉ်ကာလအတွင်း ဟိန္ဒူဘာသာဝင်တို့၏ ဘုရားရှိခိုးသီချင်းတစ်ပုဒ်ဖြစ်သည့် 'ဟနုမန် ချာလီဆာ' (Hanuman Chalisa) ကို ရွတ်ဆိုခဲ့ကြောင်းနှင့် နာကျင်မှုဝေဒနာ ခံစားရတိုင်း ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် အားယူခဲ့ကြောင်း မာချာ က ပြောကြားခဲ့သည်။ ထို့ပြင် မနက်ခင်း ဘုရားရှိခိုးချိန်များတွင် မိမိနှင့်အတူ ပါဝင်လေ့ရှိသည့် အသက်နှစ်နှစ်အရွယ် သားဖြစ်သူအကြောင်းနှင့် နိုင်ငံရပ်ခြားတွင် နေထိုင်စဉ် အိန္ဒိယယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဆက်လက်ထိန်းသိမ်းထားရှိခြင်း၏ အရေးပါပုံတို့အကြောင်းကိုလည်း သူက ပြောပြခဲ့သည်။

မာချာ၏ မိဘများနှင့် ဇနီးတို့နှင့် စကားပြောဆိုခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ တည်ငြိမ်အေးဆေးသော စိတ်နေသဘောထားကို ချီးကျူးစကားပြောကြားခဲ့ကြောင်း မိုဒီက ဆိုသည်။ လေယာဉ်မှူးသည် မိမိအား ဆေးကုသမှုပေးခဲ့သည့်အတွက် ဆော်ဒီအာရေဗျနှင့် ယူအေအီး (UAE) နိုင်ငံတို့အား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လေယာဉ်မှူးအား တွဲဖက်လေယာဉ်မှူးက ရန်မူတိုက်ခိုက်ခဲ့ပြီး၊ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း နှစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီဘက်မှ ကနဦးစုံစမ်းစစ်ဆေးမှုများအရ သိရသည်။ ဤဖြစ်ရပ်သည် အကြမ်းဖက်မှုနှင့် ဆက်စပ်မှု ရှိ၊ မရှိ အပါအဝင် ဖြစ်ရပ်ဖြစ်ပွားရသည့် အခြေအနေများနှင့် နောက်ကွယ်မှ ရည်ရွယ်ချက်တို့ကို ယူအေအီး အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post