Myanmar National Post

မွန်ပြည်နယ် ဝန်ကြီးချုပ် ‌ဦးအောင်ဝင်းသန်း ပေါင်မြို့နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေး ဖြစ်ထွန်းနေမှု ကွင်းဆင်း ကြည့်ရှု

 









ပေါင်၊ အောက်တိုဘာ ၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည်မွန်ပြည်နယ်၊ ပေါင်မြို့နယ် မိုးစပါး ကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် ထွန်တုံးပိတ်ပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ ကွင်းအမှတ် (၉၂၇- ခ)၊  တောင်သူ ဦးကျော်ကျော်ထွန်း၏ စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  မိုးစပါး ကောက်စိုက်စွမ်းရည်ပြိုင်ပွဲ ယှဉ်ပြိုင်နေကြမှု အပေါ် ကြည့်ရှုအားပေးခဲ့ပြီး ပေါင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးမှ ပေါင်မြို့နယ်အတွင်း စိုက်ပျိုး သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်နေသည့် တောင်သူများ အကျိုးအမြတ်ရရှိစေရေးနှင့် စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် အဖက်ဖက်မှကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်  လျာထားဧကများ ပြည့်မီစွာဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ သတ်မှတ်အချိန်အတွင်း စိုက်ပျိုးပြီးစီးရေးနှင့် သွင်းအားစုများကို အကျိုးရှိစွာ အသုံးပြုပြီး တစ်ဧကအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးကောက်စိုက်စွမ်းရည်ပြိုင်ပွဲနှင့် ထွန်တုံးပိတ်ပွဲတော် အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ခရိုင်ကိုယ်စားပြု ကောက်စိုက်အသင်းများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စု၊ ကံဖြူကျေးရွာ ဦးဝင်းဇော်၏ ခြဲဝင်းအတွင်း ဥယျာဉ်ခြံ သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ပြီး နေအိမ်ခြံဝင်းအတွင်း မြေလွတ်မြေလပ်များတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး  ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း ဒေသတွင်း ကြက်ဥနှင့် အသားထုတ်လုပ်မှု မြှင့်တင်၍ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကျိုက်ပွန်ကျေးရွာရှိ ဦးစိန်သန်း၏ ဥစားကြက်မွေးမြူရေးခြံ မွေးမြူ ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ဥစားကြက် ကောင်ရေ (၁၀၀၀၀) စီ (၃) သုတ် စီမံချက်အရ မွေးမြူထားရှိမှု အခြေအနေ၊ နေ့စဉ် ကြက်ဥ ထုတ်လုပ်နိုင်မှုနှင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်အတွင်း သင့်တင့်သော ဈေးနှုန်းဖြင့် စားသုံးသူများထံ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားကာ ဥစားကြက်များ မွေးမြူထားရှိမှုနှင့် အသားတိုး ကြက်များ မွေးမြူထားရှိနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မွန်မလေး

#News #Myanmar

မူရင်းသတင်း — Myanmar National Post