
ယခု ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်၌ လက်ပံတန်းမြို့တွင် ကျောင်းသူတစ်ဦးအား ကျောင်းသားတစ်ဦးက ဓားဖြင့်ထိုး၍ သေဆုံးသွားသောဖြစ်စဉ်ကို ဥပမာပေး၍ အခြေခံပညာကျောင်းများတွင် ကျောင်းသားအချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုနှင့် အနိုင်ကျင့်မှုများ မဖြစ်စေရေး မည်သို့ကြိုတင်ကာကွယ်ထားသည်ကို သိရှိလိုကြောင်း အောက်တိုဘာ ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် သာယာဝတီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရဲထွဋ်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ကြောင်း သိရသည်။
ဦးရဲထွဋ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ တစ်ဦးချင်း ခိုက်ရန်ဖြစ်ခြင်းနှင့် အနိုင်ကျင့်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်ပညာပေးအစီအမံများ မည်သို့ချမှတ်၍ အခြေခံပညာကျောင်းများကို မည်သို့ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကြိုတင်ကာကွယ်ရေးအစီအမံများ ထားရှိခြင်း ရှိ/မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းနှင့်ဆက်စပ်၍ နိုင်ငံတော်မှ ကျောင်းနေအရွယ်ကလေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် စာအုပ်၊ ခဲတံ၊ ဝတ်စုံများနှင့် ဘတ်ဂျက်များ တိုးမြှင့်ဖြည့်ဆည်းပေးခဲ့သဖြင့် နိုင်ငံတော်၏ စေတနာကို အလေးထားတန်ဖိုးထားမိကြောင်း၊ ပဲခူးတိုင်း၏ ၂၀၁၅-၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မှာလည်း တိုးတက်လာခဲ့သဖြင့် ဒေသခံပြည်သူများမှာလည်း အထူးဝမ်းသာပီတိဖြစ်ရကြောင်း၊သို့ပါသော်လည်း နှစ်စဉ်လိုလို ပြည်နယ်နှင့်တိုင်းအချို့တွင် အခြေခံပညာကျောင်းများ၌ ရင်နင့်ဖွယ် အုပ်စုဖွဲ့ ရန်ဖြစ်မှုများဖြစ်ပေါ်လေ့ရှိသည်ကို မီဒီယာများမှ ကြားသိနေရပါကြောင်း ဦးရဲထွဋ်က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက "ယခင်က အခြေအနေများကိုတော့ ကျွန်တော်တို့အနေနဲ့ တင်ပြလိုခြင်း မရှိတော့ပါဘူး။ ယခု ကျွန်တော်တို့ ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် ယခုနှစ် စာသင်နှစ် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်မှာ စက်တင်ဘာ ၄ ရက်နေ့က ကျောင်းသူတစ်ဦးကို ကျောင်းသားတစ်ဦးမှ ချွန်ထက်သောဓားဖြင့် ထိုးလိုက်သည့်အတွက် အသက်ဆုံရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်းကို ဝမ်းနည်းစွာဖြင့် ကြားသိခဲ့ရပါသည်"ဟု ပြောကြားသည်။
ဤကဲ့သို့ဖြစ်စဉ်များကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် ယခင်စာသင်နှစ်များကဲ့သို့ အုပ်စုဖွဲ့ရန်ဖြစ်မှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မှုများကို မည်သို့ပညာပေးမည်၊ မည်သို့လမ်းညွှန်မှုရှိသည်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားရေးကို ရှေးရှု၍ သိရှိလိုကြောင်း ဦးရဲထွဋ်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ မေးမြန်းမှုနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က ပြန်လည်ဖြေကြားရာတွင် အခြေခံပညာကျောင်းများ၌ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ စနစ်တကျဖွဲ့စည်းထားရှိပြီး နေ့စဉ် တာဝန်ခွဲဝေ၍ အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် ချွန်ထက်သော လက်နက်ကိရိယာများ ကျောင်းသို့ ယူဆောင်လာခြင်း မရှိစေရေး စိစစ်လျက်ရှိကြောင်း၊ ထို့ပြင် ကျောင်းချိန်အတွင်း သို့မဟုတ် ကျောင်းချိန်ပြင်ပတွင် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်လာပါက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားခြင်း ပြစ်မှုတွင် ပါဝင်သူအားလုံးကို "ကျောင်းပြောင်းလက်မှတ် ထုတ်ပေးသည့် ပြစ်ဒဏ်" ချမှတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူ အဆင့်ဆင့်က အထူးကြပ်မတ်သွားရန် ညွှန်ကြားဆောင်ရွက်ထားကြောင်း ပြောကြားသည်။
ကြိုတင်ကာကွယ်သည့် အစီအမံများအနေဖြင့် ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ လိုက်နာရန် စည်းကမ်းချက်များ နံရံတွင် ချိတ်ဆွဲထားခြင်း၊ ကျောင်းစုဝေးပွဲ (Assembly) တွင် ကျောင်းအုပ်ကြီးနှင့် တာဝန်ကျ အတန်းမှူး၊ အတန်းပိုင်များက ဟောပြောဆုံးမခြင်း၊ လစဉ် မိဘဆရာ တွေ့ဆုံပွဲများတွင် မိဘဆရာ ဝိုင်းဝန်းပူးပေါင်းပြီး သားသမီး/တပည့်များအပေါ် ဆုံးမသွန်သင်စေခြင်း၊ ကျောင်းများတွင် အလျဉ်းသင့်သလို ပြစ်မှု/ပြစ်ဒဏ်နှင့် မှုခင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ဥပဒေပညာရှင်များ ဖိတ်ခေါ်၍ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ စာရိတ္တကောင်းမွန်ပြီး စည်းကမ်းပြည့်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ကျောင်းခန်းမအတွင်း စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကို အလေးထား သင်ကြားစေခြင်းနှင့် နွေရာသီတွင် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း စသည့် အစီအမံများကို ကျောင်းအလိုက်၊ မြို့နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းတို့ကို လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။