Eleven Media Group

■ ရှေးဦးပြုစုခြင်းလုပ်ငန်းသည် ကျန်းမာရေးစနစ်နှင့် ရပ်ရွာလူထုကြား အရေးပါသောပေါင်းကူးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေ

ရှေးဦးပြုစုခြင်းလုပ်ငန်းသည် ကျန်းမာရေးစနစ်နှင့် ရပ်ရွာလူထုကြား အရေးပါသောပေါင်းကူးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ၂၀၂၆ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားကို (၂-၁၀-၂၀၂၆)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ရွှေ့ပြောင်းသူများအတွက် တို့ဦးတည်၊ ရှေးဦးပြုစုခြင်းဖြင့် အမြဲကူညီ “First Aid in Migration Contexts” ဆောင်ပုဒ်ဖြင့် ကျင်းပပြီး နေရာဒေသတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းသွားလာနေထိုင်ရသူများ၊ ခရီးသွားလာရသူများနှင့် အရေးပေါ်အခြေအနေကြောင့်နေရာရွှေ့ပြောင်းသွားလာနေရသူများအား အထူးဦးစားပေးပြီး၎င်းတို့၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များ၊ ထိခိုက်ဒဏ်ရာရရှိမှုများကို ရှေးဦးပြုစုခြင်းဖြင့် အချိန်မီ ကူညီနိုင်ရန်အတွက် ရည်ရွယ်ကြောင်းသိရသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် လူတိုင်းအတွက် လိုအပ်သော အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရေးကို အခြေခံထားသည့် Universal Health Coverage (UHC) ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်းလုပ်ငန်းသည် ကျန်းမာရေးစနစ်နှင့် ရပ်ရွာလူထုကြား အရေးပါသောပေါင်းကူးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်းပြောကြာပြီး ရှေးဦးပြုစုခြင်း စွမ်းရည်ပြောင်းပွဲတံခွန်စိုက်ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် တာဝန်ရှိသူများကရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအတွက် ဆုများကိုလည်းကောာင်းပေးအပ်ကာ ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ပြခန်းငယ်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၏ သရုပ်ပြခြင်းတို့ကို ကြည့်ရှုအားပေးသည်။

ထို့ပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUE နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် (တာဝန်) Dr. Sara Ellithy တို့က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား များကို ၂၀၀၃ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ယခုနှစ် အခမ်းအနားသည် (၂၄)ကြိမ်မြောက် အဖြစ်ကျင်းပသည့် အခမ်းအနားဖြစ်သည်။

မူရင်းသတင်း — Eleven Media Group