
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် မိခင်ဖြစ်သူအား ဓားမဖြင့် ခုတ်သတ်ခဲ့သည့် သားဖြစ်သူမှာ ပြင်းထန်စိတ်ဝေဒနာ ခံစားနေရသဖြင့် တောင်ငူဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။
မိခင်ဖြစ်သူအား ဓားမဖြင့်ခုတ်သတ်ခဲ့သည့် သားဖြစ်သူ ဟန်ထူးအောင် (အသက် ၂၂ ) ကို တောင်ငူမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က တောင်ငူမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ ၁၀ လမ်းနေအိမ်တွင် အသက် (၄၉) နှစ်အရွယ် ရေတာရှည်မြို့နယ် စီမံကိန်းဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းစံအား ၎င်း၏သားဖြစ်သူ တက္ကသိုလ်ကျောင်းသား ဟန်ထူးအောင် က အရိုး/အသွား စုစုပေါင်း ၂၂ လက်မခန့်ရှိသည့် ဓားမဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။ ဓားဖြင့်ခုတ်ခံရမှုကြောင့် ဒေါ်ငြိမ်းငြိမ်းစံတွင် ညာလက်၊ နှာခေါင်း၊ ပါးစပ်၊ ဘယ်ဘက်ဦးခေါင်း၊ ဘယ်ဘက်လက်ကောက်ဝတ်နှင့် မေးစေ့တို့၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး TAUNGOO RESCUE အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအဖွဲ့က တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် သားဖြစ်သူ ဟန်ထူးအောင်အား တောင်ငူမြို့မရဲစခန်းတွင် (ပ)၂ဝ၂၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အချုပ်အတွင်း ဖမ်းဆီးထားစဉ် တရားခံ ဟန်ထူးအောင်မှာ မိခင်ဖြစ်သူအား သတ်မိမှန်းပင် မသိရှိဘဲ “၎င်းအား လူတစ်ယောက်က လာရောက်သတ်ဖြတ်နေ၍ ပြန်လည်ခုခံခြင်းဖြစ်သည်” ဟု ထွက်ဆိုနေသည့်အပြင် အချုပ်အတွင်း၌လည်း အော်ဟစ်လန့်ဖြတ်နေကာ စိတ်ဂယောင်ချောက်ခြား အခြေအနေများ ပြင်းထန်နေခဲ့သဖြင့် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ကြောင်း သိရသည်။
တောင်ငူမြို့ ပြည်သူ့ဆေးရုံတွင်ပြသခဲ့ရာ စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာ ဇော်မျိုးအောင်မှ တရားခံ၏ ရောဂါ အခြေအနေသည် တောင်ငူဆေးရုံကြီး၌ ကုသရန် ဆေးဝါးလုံလောက်မှုမရှိသဖြင့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးတွင်သာ တက်ရောက်ကုသမှု ခံယူသင့်ကြောင်း မွန်းလွဲ ၄ နာရီ ၂၀ မိနစ်တွင် ဆေးရုံလွှဲပြောင်းစာနှင့်အတူ ညွှန်ကြားလာခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှသိရသည်။
ထိုသို့ ညွှန်ကြားလာသည့်အတွက် အောက်တိုဘာ ၂ ရက် နံနက်စောစော ၄ နာရီခွဲတွင် မြို့မရဲစခန်း ဒုစခန်းမှူးရဲအုပ်ကျော်ဦး နှင့်အဖွဲ့က မော်တော်ယာဉ်ဖြင့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားရသည့် နောက်ခံအကြောင်းအရင်းနှင့် ပတ်သက်၍ သားဖြစ်သူမှ မူးယစ်ဆေးဝါး သုံးစွဲရာမှ စိတ်မတည်မငြိမ်ဖြစ်ကာ မိခင်ဖြစ်သူအား ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူအချို့နှင့် ဒေသခံများက လူမှုကွန်ရက်ပေါ်တွင် ပြောဆိုမှုများ ရှိနေကြပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖြစ်စဉ်အမှန်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။