Eleven Media Group

■ ကိုဗစ်-၁၉ ကာလက ရပ်ဆိုင်းခဲ့သည့် မင်းဘူး-သရက်၊ သရက်- ကံမနှင့် မင်းလှ-တောင်တွင်းကြီး ရထားလမ်းပိုင်းများ လတ်တလောပြန်လည်ပြေးဆွဲနိုင်သည့် အခြေအနေမရှိသေး

ကိုဗစ်-၁၉ ကာလက ရပ်ဆိုင်းခဲ့သည့် မင်းဘူး-သရက်၊ သရက်- ကံမနှင့် မင်းလှ-တောင်တွင်းကြီး ရထားလမ်းပိုင်းများ လတ်တလောပြန်လည်ပြေးဆွဲနိုင်သည့် အခြေအနေမရှိသေးကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ကျင်းပသည့် တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့တွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေက မကွေးတိုင်းဒေသကြီး မင်းဘူး-သရက် ရထားလမ်း၊ သရက်- ကံမ ရထားလမ်း၊ မင်းလှ-တောင်တွင်းကြီး ရထားလမ်းပိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် ပြန်လည်ပြေးဆွဲနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်လည်ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာ့မီးရထားအနေဖြင့် မင်းဘူး-မင်းလှ-သရက်ခရီးစဉ်ကို မင်းဘူး(၁)/ (၂) RBE ရထားများဖြင့် ပြေးဆွဲခဲ့ပါကြောင်း၊ ဆက်လက်၍ သရက်-ကံမခရီးစဉ် ၂၉ ဒသမ ၁၄ မိုင်အားအမှတ် (၁၉၉) အဆန်/ (၂ဝဝ) အစုန် RBE ရထားများဖြင့် ပြေးဆွဲပေးခဲ့ပါကြောင်း၊ အလားတူမင်းလှ-တောင်တွင်းကြီး ခရီးစဉ်ကို အမှတ် (၁၉၃)အဆန်/ (၁၉၄)အစုန် RBE ရထားများ ဖြင့် ပြေးဆွဲပေးခဲ့ပြီး အဆိုပါလမ်းပိုင်းများအား ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်မှစတင်၍ ရထားပြေးဆွဲခြင်းများကို ရပ်ဆိုင်းခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ လမ်းပိုင်းသစ်များ ဖောက်လုပ်ခဲ့ရာတွင် သစ်သားဇလီဖားနှင့် ကွန်ကရစ်ဇလီဖားများ ပေါင်းစပ်၍ ဆောင်ရွက်ခဲ့သော လမ်းပိုင်းများဖြစ်ပြီး နှစ်ကာလကြာမြင့်သဖြင့် သစ်သားဇလီဖားတုံးများ ဆွေးမြည့်ခြင်း၊ တောမီးလောင်ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း လုံခြုံရေးအခြေအနေပေးပါက လမ်းကြံ့ခိုင်မှုစစ်ဆေးပြီး လိုအပ်သည့် ကွန်ကရစ်ဇလီဖားတုံးနှင့် ကျောက်ဖြည့်ဆည်းခြင်း၊ တာပေါင်များရေတိုက်စားမှုကို ပြန်လည်ဖို့ခြင်း၊ တံတား(ကြီး/ငယ်) ပျက်စီးမှုများကို ပြုပြင်ခြင်းများ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ပျောက်ဆုံးနေသော သံလမ်းထိန်းကလစ်များ၊ Pad များ ပြန်လည်ဖြည့်တင်းခြင်း၊ အချက်ပြဆက်သွယ်ရေးစနစ်များ ပြန်လည်စစ်ဆေးပြုပြင်ခြင်း၊ ဘူတာများပြုပြင်ပေးခြင်း၊ ဝန်ထမ်းနေအိမ်များ ပြုပြင်ပေးခြင်းလုပ်ငန်းများအား နှစ်အလိုက်ဘဏ္ဍာငွေလျာထား၍ အကြီးစားပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လတ်တလော ရထားများ ပြန်လည်ပြေးဆွဲနိုင်သည့် အခြေအနေမရှိသေးပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group