
စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့ကို ဆက်သွယ်ထားသည့် ရထားလမ်းအား နယ်မြေလုံခြုံရေး အခြေအနေပေးသည့်အချိန်တွင် ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောကြားသည်။
အောက်တိုဘာ ၂ ရက်က ကျင်းပသည့် တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၆) ဦးခင်မောင်အေး၏ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တို့ကို ဆက်သွယ်ထားသည့် မီးရထားလမ်းအား အပိုင်းလိုက်၊ အဆင့်လိုက် မြန်မာ့မီးရထားမှ ပြုပြင်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မန္တလေး- မြစ်ကြီးနားရထားလမ်းပိုင်းသည် ၃၄၂ ဒသမ ၇၅ မိုင်ရှိပြီး ယခင်က လူစီးအမြန်ရထား ၁၀ စင်း၊ စာပို့ရထားလေးစင်း၊ လူစီးကုန်တင်ရထား ၁၀ စင်းနှင့် ခရီးတိုရထား နှစ်စင်းတို့အားပြေးဆွဲပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားခဲ့ပြီး လုံခြုံရေးအခြေအနေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ရပ်နားထားခဲ့ရကြောင်း ပြောကြားသည်။
မြန်မာ့မီးရထားမှ မန္တလေး - မြစ်ကြီးနားရထား လမ်းပိုင်းတွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရှေးဦးစွာ ရွာထောင်-ရွှေဘိုလမ်းပိုင်း၏ ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ရွာထောင်ဘူတာမှစတင်၍ ပြုပြင်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဝက်လက်ဘူတာအထိ ရောက်ရှိခဲ့ကြောင်း၊ ရွာထောင်ဘူတာမှ ဝက်လက်ဘူတာအထိ အကွာအဝေး ၃၄ မိုင်ခန့်အား အချိန်အားဖြင့် လေးလခန့်ပြုပြင်ခဲ့ရပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများ များစွာကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဝက်လက်-ရွှေဘို လမ်းပိုင်းတွင် ၁၀ ပေအရှည် တံတားလေးစင်း၊ ပေ ၂၀ အရှည် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရခြင်း၊ ရထားလမ်း၏ တစ်မိုင်ကျော်ခန့် သံလမ်းများဖြုတ်ခိုးခံရခြင်း၊ ရထားလမ်းတာပေါင်များကို မြေတူးစက်(Backhoe)ဖြင့် မြောင်းတူးဖျက်ဆီးထားခြင်းများနှင့် လုံခြုံရေးအခြေ အနေများအရ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ထို့ပြင် ဆောင်ရွက်ပြီးဖြစ်သော ရွာထောင်-ဝက်လက်လမ်းပိုင်းတွင်လည်း သာလှိုင်းရုံးသာဘူတာနှင့် ဝက်လက်ဘူတာကြားရှိ ပေ ၁၂၀ အရှည် တံတားအမှတ်(၅၇) ပြွန်ကြီးတံတား၏ တံတား သံပေါင်များဖျက်ဆီးခံရခြင်း၊ ခက်ခဘူတာနှင့် ပေါက်ကန်ဘူတာကြား ပြုပြင်ထားပြီး သံလမ်းပေ ၄၂၀၀ ခန့် ဖျက်ဆီးခံရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ပြင်စစ်ဆေးမှုမပြုနိုင်သေးသည့် နေရာများတွင်လည်း လမ်းများ၊ တံတားများ၊ ဘူတာအဆောက်အအုံများ၊ စက်ခေါင်းနှင့်တွဲများအား ဖျက်ဆီးထားမှုများကြောင့် မီးရထားဘူတာရှိ ဝန်ထမ်းများပင် တိမ်းရှောင်နေရကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအားရထားများ ပြန်လည်ပြေးဆွဲရေးအတွက် လုံခြုံရေးအခြေအနေအပေါ်မူတည်၍ လမ်းပိုင်းအလိုက် ပြုပြင်ပေးလျက်ရှိရာ ကချင်ပြည်နယ်အတွင်း မိုးကောင်း-မြစ်ကြီးနား အသွား/အပြန်ခရီးစဉ် မိုးကောင်း-၁/၂ RBE ရထားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စ၍ လည်းကောင်း၊ မိုးညှင်း-မြစ်ကြီးနား အသွား/အပြန်ခရီးစဉ် အမှတ်(၄၉)အဆန်/(၅၀)အစုန် ရထားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်မှစ၍လည်းကောင်း တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေး (Public Transportation)အတွက် များစွာဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများကလည်း ပူးပေါင်းပါဝင်၍ ဖျက်ဆီးမှုများကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ သို့ပါ၍ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့ကို ဆက်သွယ်ထားသည့် ရထားလမ်းအား နယ်မြေလုံခြုံရေး အခြေအနေပေးသည့်အချိန်တွင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။