Eleven Media Group

■ ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာရှိ  ဆောင်နိုင်ကြီးဓါတ်အားခွဲရုံ ဓါတ်အားထိန်းချုပ်ခန်း Drop Bomb ချ တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆောင်နိုင်ကြီးကျေးရွာရှိ ၃၃/၁၁ ကေဗွီ၊ ၅ ကေဗွီအေ ဆောင်နိုင်ကြီး ဓါတ်အားခွဲရုံ ဓါတ်အားထိန်းချုပ်ခန်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်က အဆိုပါ ဆောင်နိုင်ကြီး ဓါတ်အားခွဲရုံအား လက်နက်ကိုင် အဖွဲ့က Drop Bomb (၂) လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံခဲ့ရသည့်အတွက် ဆောင်နိုင်ကြီး ဓါတ်အားခွဲရုံရှိ ဓါတ်အားထိန်းချုပ်ခန်း၏ နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကျက်များနှင့် ပြတင်းပေါက်တံခါးပေါက်မှန်များပျက်ဆီးခြင်း၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ်ရေးခလုပ်ပုံးများ (Control Panel) ကို ဗုံးစထိမှန်ခြင်း၊ ထိန်းချုပ် ကေဘ ယ်လ်ကြိုးများ (Control Cable) ပျက်ဆီးခြင်းနှင့် ဓါတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲကြောင်း သိရသည်။

အဆိုပါ ဓါတ်အားခွဲရုံမှ ၃၃ ကေဗွီဓါတ်အားလိုင်းဖြင့် ဓါတ်အားဖြန့်ဖြူးပေးထားသည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကင်မွန်းစခန်း ဓါတ်အားခွဲရုံအား ၃၃ ကေဗွီ ကျိုက်ထိုဓါတ်အားလိုင်းဖြင့် ပြောင်းလဲချိတ်ဆက်၍ နောက်တစ်နေ့ အောက်တိုလာလ (၁) ရက်၊ နံနက် (၉) နာရီ (၅၅) မိနစ်တွင် ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေး နှင့် ဝင်းကလော့ကျေးရွာများမှာ ဓါတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများ လျှပ်စစ်ဓါတ်အား အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group