
မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ကျားဖြန့်လုပ်ငန်းများသို့ ရောင်းစားခံလိုက်ရသည့် ဂျပန်နိုင်ငံသား တက္ကသိုလ်ကျောင်းသား နှစ်ဦးအား ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင်၊ စံခလဘူရီနယ်စပ် ဘုရားသုံးဆူဒေသမှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ လိမ်လည်ခေါ်ဆောင်ခံခဲ့ရသည့် ဂျပန်နိုင်ငံသား တက္ကသိုလ်ကျောင်းသား (၂) ဦးကို ထိုင်းရဲတပ်ဖွဲ့ နှင့် ဂျပန်နိုင်ငံသံရုံးတို့ ပူးပေါင်းကာ စက်တင်ဘာလ (၃၀) ရက်နေ့က ဘေးကင်းစွာဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အား ကိုးကား၍ ထိုင်းသတင်းမီဒီယာများ၏ ဖေါ်ပြချက်များအရ သိရသည်။
ဂျပန်နိုင်ငံသား တက္ကသိုလ်ကျောင်းသားနှစ်ဦးမှာ အသက် (၂၀) နှစ်အရွယ် ရှီရာကူရာ ဆိုသူနှင့် အသက် (၂၁) နှစ်အရွယ် ကိုင်ရီ ဆိုသူတို့ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် လစာမြင့်မားသည့် အလုပ်ရရှိမည်ဟု ဂျပန်နိုင်ငံသားအချင်းချင်းလိမ်လည် ကမ်းလှမ်းခံရပြီးနောက် စက်တင်ဘာလ (၁၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာပြီး၊ ထိုမှ ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းတစ်ခုသို့ ခေါ်ဆောင်ခြင်းခံခဲ့ရပြီးနောက်၊ ၎င်းတို့အား လမ်းလျှောက်၍ နယ်စပ်ဖြတ်ကျော်စေကာ မြန်မာနိုင်ငံဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရကြောင်းနှင့်အဆိုပါ အွန်လိုင်းလိမ်လည်လုပ်ငန်းတစ်ခုတွင် ဂျပန်စကားပြောဆိုနိုင်င်သည့် တရုတ်နိုင်ငံသားတစ်ဦးက ကြီးကြပ်ထိန်းချုပ်ထားကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ပေးထားကြောင်း ရဲတပ်ဖွဲ့ဆိုထားသည်။
၎င်းနောက် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ထိုဂျပန်နိုင်ငံသား တက္ကသိုလ်ကျောင်းသား (၂) ဦးမှာ မိုဘိုင်းဖုန်းအား လျှို့ဝှက်အသုံးပြုကာ ၎င်းတို့ရောက်ရှိနေသည့် တည်နေရာအချက်အလက် (Location) နှင့် လျှို့ဝှက်အကူအညီတောင်းခံမှုအား ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးနှင့် ၎င်းတို့၏ မိသားစုထံသို့ ပေးပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ အကူအညီတောင်းခံမှုအားရရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းကာ နယ်စပ်တစ်ဖက်ခြမ်း မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကူအညီရယူကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာမှ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ထို ဂျပန်နိုင်ငံသား တက္ကသိုလ်ကျောင်းသား (၂) ဦးအား မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်၍ လူကုန်ကူးသူများ၊ အွန်လိုင်းလိမ်လည်လုပ်ငန်းများကို လုပ်ကိုင်နေကြသူများနှင့် ပါဝင်ပတ်သက်သူများကို ဆက်လက်ဖေါ်ထုတ်ပြီး ကွန်ရက်တစ်ခုလုံးကို ဖြိုခွင်းသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားထားသည်။
ထို မြန်မာ - ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့ရှိကျားဖြန့်လုပ်ငန်းများသို့ ဂျပန်နိုင်ငံသား တက္ကသိုလ်ကျောင်းသား (၂) ဦး ရောင်းစားခံလိုက်ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ချုပ် ရဲဗိုလ်ချုပ် ၏ တာဝန်ပေးချက်အရ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် ဦးဆောင်သည့်အဖွဲ့နှင့် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ရဲရေးရာသံအရာရှိနှင့် ကောင်စစ်ဝန်အရာရှိများပါဝင်သည့်အဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ (၂) ရက်နေ့က မွန်းလွဲပိုင်းအချိန်က ကန်ချနဘူရီခရိုင်ရဲတပ်ဖွဲ့ရုံးသို့ သွားရောက်ကာ အမှုနှင့်ပတ်သက်၍ ဆွေးနွေး စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၎င်းတို့မှ စံခလဘူရီမြို့နယ် နောင်လူကျေးရွာအုပ်စု၊ ဘုရားသုံးဆူနယ်စပ်သို့သွားရောက်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်သွားလာနိုင်သည့် တရားမဝင်လမ်းကြောင်းများအား သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုနေရာများသည် လူကုန်ကူးသူများက မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမြို့ဘက်သို့ လူများအား တရားမဝင်ခေါ်ဆောင်ရာတွင် အသုံးပြုသည့်လမ်းကြောင်းများဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ကြသည်။
Photo Credit – Thai News