Eleven Media Group

အင်အားပြင်းငလျင်ဒဏ်သင့် တိုင်းနှင့်ပြည်နယ်ခြောက်ခုသို့ ပြန်လည်ထူထောင်ရေးအတွက် ပမာဏကျပ် ၈ ဒသမ ၁၁ ဘီလျံရှိ ချေးငွေ ၁၂ ခု ထုတ်ချေး

အင်အားပြင်းငလျင်ဒဏ်သင့် တိုင်းနှင့်ပြည်နယ်ခြောက်ခုသို့ ပြန်လည်ထူထောင်ရေးအတွက် ပမာဏကျပ် ၈ ဒသမ ၁၁ ဘီလျံရှိ ချေးငွေ ၁၂ ခု ထုတ်ချေးခဲ့ကြောင်း ရန်ပုံငွေ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော် ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ (၃/၂၀၂၆) အစည်းအဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ပုံငွေ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့် ပြန်လည်ထူထောင်ရေးချေးငွေအစီအစဉ်အား နိုင်ငံတော်မှ ထည့်ဝင်ပံ့ပိုးသော ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ပုံငွေ ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့မှ စိစစ်တင်ပြလာသော ချေးငွေများကို ချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် SOP ပါ စံသတ်မှတ်ချက်များနှင့်အညီစိစစ်၍ ထုတ်ချေးပေးလျက်ရှိရာတွင် စုစုပေါင်းချေးငွေ ၁၂ ခု၊ ပမာဏ ကျပ် ၈ ဒသမ ၁၁ ဘီလျံကို ထုတ်ချေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ချေးငွေများတွင် နိုင်ငံ့ဝန်ထမ်းများ၊ MSME လုပ်ငန်းများ၊ စက်ရုံလုပ်ငန်းကြီးများ၊ ဟိုတယ်နှင့်ပညာရေးဆိုင်ရာလုပ်ငန်းများပါဝင်ပြီး ချေးငွေအမျိုးအစားများအနေဖြင့် Home Loan ၊ Recon-struction Loan၊ Working Capital Loan၊ Fixed Capital Loan စသည်ဖြင့် ပါဝင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးလျက်ရှိရာတွင် အတိုးနှုန်းသက်သာစွာဖြင့် ပံ့ပိုးပေးသည့် အထူးချေးငွေ အစီအစဉ်တစ်ရပ် ဖြစ်သည့်အတွက် ရည်ရွယ်ချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသည့် ဗဟိုကော်မတီအဖွဲ့ဝင်များက ခွင့်ပြုထားသည့် ဘဏ်များအနက် ဘဏ် ၅ ဘဏ်မှ တင်ပြလာသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် လုပ်ငန်းကိုးခု အပါအဝင်စုစုပေါင်းချေးငွေ ၁၀ ခုအတွက် ချေးငွေပမာဏ ကျပ် ၂၄ ဒသမ ၇၅ ဘီလျံကို စိစစ်အတည်ပြုကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group