
ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း Drop Bomb ဖြင့် တိုက်ခိုက်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဆောင်နိုင်ကြီးဓာတ်အားခွဲရုံ ဓာတ်အားထိန်းချုပ်ခန်း(Control Room) ပေါ်သို့ အကြမ်းဖက်များက Drop Bomb ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဓာတ်အားထိန်းချုပ်ခန်း၏ နံရံများ၊ ခေါင်မိုးရှိ သွပ်ပြားများ၊ မျက်နှာကြက်များနှင့် ပြတင်းတံခါးပေါက်မှန်များ ပျက်စီးခြင်း၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ထိန်းချုပ်ရေးခလုတ်ပုံးများ (Control Panel)ကို ဗုံးစထိမှန်ခြင်း၊ ထိန်းချုပ်ကေဘယ်လ်ကြိုးများ (Control Cable) ပျက်စီးခြင်းနှင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကင်မွန်းစခန်း ဓာတ်အားခွဲရုံအား ၃၃ ကေဗွီ ကျိုက်ထိုဓာတ်အားလိုင်းဖြင့် ပြောင်းလဲ ချိတ်ဆက်၍ နောက်တစ်နေ့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ဆောင်နိုင်ကြီး၊ မဲရုံးကြီး၊ မဲရုံးလေးနှင့် ဝင်းကလောကျေးရွာများမှာ ဓာတ်အားပြတ်တောက်လျက်ရှိပြီး အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများအား ဓာတ်အားအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်