Eleven Media Group

■ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေး

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

အောက်တိုဘာ ၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့တွင် စမ်းချောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်က နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့်ဝန်ထမ်းများအတွက် ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို ထောက်ပံ့ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး သုံးကြိမ် ခံစားခွင့်ပြုခဲ့ကြောင်း၊ ပထမအကြိမ်အနေဖြင့် ကျပ် ၃၀,၀၀၀ ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် လည်းကောင်း ၊ ဒုတိယအကြိမ် ကျပ် ၃၀,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍လည်းကောင်း၊ တတိယအကြိမ် ကျပ် ၃၀,၀၀၀ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍လည်းကောင်း စုစုပေါင်းကျပ် ၉၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အငြိမ်းစားဝန်ထမ်းများအား အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ကို ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ လည်းကောင်း ၊ ဒုတိယအကြိမ် ကျပ် ၃၀,၀၀၀ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ လည်းကောင်း စုစုပေါင်းကျပ် ၆၀၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် အငြိမ်းစားယူမည့်မြို့ပြဝန်ထမ်းများ၏ အငြိမ်းစားလစာသည် ၁-၄-၂၀၁၈ ရက် လစာမှစ၍ ခွင့်ပြုခဲ့သည့် လစာနှုန်းထားအရ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆၊ နည်းဥပဒေခွဲ (ခ)တွင် ပြဋ္ဌာန်းထားသည့် ပုံသေနည်းများဖြင့် တွက်ချက်ထားသည့် အငြိမ်းစားလစာတွင် အပိုထောက်ပံ့ကြေးအဖြစ် နှစ်ကြိမ်ခွင့်ပြုထားသည့် တစ်ဦးလျှင် တစ်လကျပ် ၆၀,၀၀၀ အား ထပ်ပေါင်း၍ ခံစားခွင့်ရှိကြောင်း ပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး ပြည်နယ်များတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ စီစဉ်လမ်းညွှန်မှုများဖြင့် ဆန်များကို သင့်တင့်မျှတသောဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အပါအဝင် ပြည်သူများက ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆီစားသုံးရန် လိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံရေးအခြေအနေများအရ စားအုန်းဆီ ဖြန့်ဖြူးရန် ခွဲတမ်းများ လျာထားသတ်မှတ် ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအပါအဝင် စားသုံးသူပြည်သူများအား အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အချို့သော တိုင်းဒေသကြီးပြည်နယ်များသည် တိုင်းဒေသကြီး ပြည်နယ်အစိုးရအစီအစဉ်ဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ယူသည့်အခါတွင် ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်း၊ ဆန်၊ ဆီ၊ ကြက်ဥ၊ ကုန်ခြောက်ပစ္စည်းများကိုလည်း အခါအားလျော်စွာ ထောက်ပံ့ပေးခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာ လက်လီလက်ကား ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဈေးနှုန်းချိုသာစွာဖြင့် လစဉ်ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

လတ်တလောအချိန်တွင် နိုင်ငံတော်၏မူဝါဒအရ ကုန်ထုတ်လုပ်မှု တိုးမြင့်လာစေရေး၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးတို့အတွက် ဦးစားပေးသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ ကဏ္ဍများဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတို့မှ ချေးငွေထုတ်ချေးခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများအပါအဝင် ပြည်သူအားလုံးအတွက် တစ်ဖက်တစ်လမ်းမှ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို လျှော့ချပေးနိုင်ရေးကိုလည်း ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစား ယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ်ထောက်ပံ့ကြေးကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးနိုင်ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေ၊ ဘတ်ဂျက်ခံ နိုင်ရည်ရှိမှု အခြေအနေ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့အပေါ်တွင်မူတည်၍ စိစစ်သုံးသပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် အငြိမ်းစားယူမည့်ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံး အတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှား စရိတ်၊ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ဒေသစရိတ်များ၊ တာဝန်ဖြင့် ခရီးသွားလာခြင်းအတွက် အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်၊ ခရီးနေ့တွက်စရိတ်၊ တည်းခိုစရိတ်နှင့် သီးခြားသတ်မှတ်ချက်များဖြင့် ခံစားခွင့်ပြုထားသည့် စရိတ်များနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာအပြင် အပိုထောက်ပံ့ကြေးတို့ကို ခံစားခွင့်ပြုလျက်ရှိနေခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို နိုင်ငံတော်အစိုးရအနေဖြင့် လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group