Eleven Media Group

■ စိုက်ပျိုးသီးနှံများအလိုက် မွန်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပိုလျှံထွက်ကုန်များကို မှန်ကန်သော ဈေးကွက်ရရှိစေရေးတို့အတွက် နိုင်ငံတော်၏ စိုက်ပျိူးရေးမူဝါဒများနှင့်အညီ ပြည်နယ်အစိုးရ၏ ဆောက်ရွက်မည့်အစီအမံများကို သိရှိလိုသည့် မေးခွန်းနှင့် နေကြာသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်သည့် မေးခွန်းအား သက်ဆိုင်ရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိ

ယမန်နေ့ အောက်တိုဘာ ၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် သံဖြူဇရပ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင် မေးမြန်းခဲ့သည့် မေးခွန်းများအနက် စိုက်ပျိုးသီးနှံများအလိုက် မွန်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပိုလျှံထွက်ကုန်များကို မှန်ကန်သော ဈေးကွက်ရရှိစေရေးတို့အတွက် နိုင်ငံတော်၏ စိုက်ပျိူးရေးမူဝါဒများနှင့်အညီ ပြည်နယ်အစိုးရ၏ ဆောက်ရွက်မည့်အစီအမံများကို သိရှိလိုသည့် မေးခွန်းနှင့် နေကြာသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်သည့် မေးခွန်းအား သက်ဆိုင်ရာဝန်ကြီးဖြစ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လးက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် မိုးစပါး၊ နွေစပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ရော်ဘာအတွက် မရှိမဖြစ်လိုအပ်သော သွင်းအားစုဓာတ်မြေဩဇာအမျိုးမျိုး၏ အမျိုးအစားအလိုက် နှစ်စဉ် သုံးစွဲနေသော ပမာဏများသိရှိလို‌ကြောင်း၊ ဓာတ်မြေဩဇာအမျိုးအစားအလိုက် စံချိန်မီအရည်အသွေး ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှု၊ ဘေးထွက်ဆိုးကျိုးများ ရှိ/မရှိ ဆန်းစစ်မှုလုပ်ငန်းစဉ်များအား သိရှိလိုကြောင်း ဒေါက်တာစိုးမိုးအောင်က ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။

ထို့အတူ မွန်ပြည်နယ်အတွင်း မိုးစပါး၊ နွေစပါးနှင့် ပဲမျိုးစုံသီးနှံများအတွက် အရည်အသွေးပြည့်မီပြီး အာမခံချက်ရှိသော မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို သိရှိလိုကြောင်းနှင့် ၎င်းစိုက်ပျိုးသီးနှံများအလိုက် မွန်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပိုလျှံထွက်ကုန်များကို မှန်ကန်သော ဈေးကွက်ရရှိစေရေးတို့အတွက် နိုင်ငံတော်၏ စိုက်ပျိူးရေးမူဝါဒများနှင့်အညီ ပြည်နယ်အစိုးရ၏ ဆောက်ရွက်မည့်အစီအမံများကို သိရှိလိုကြောင်း ဒေါက်တာစိုးမိုးအောင်က မေးခွန်းမေးမြန်းခဲ့သည်။

သံဖြူဇရပ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင် မေးမြန်းခဲ့သည့် မေးခွန်း ၄ ခုအနက် ၃ ခုကိုသာ ဝန်ကြီးဦးမင်းမြင့်မောင်လေးက ဖြေကြားသွားပြီး စိုက်ပျိုးသီးနှံများအလိုက် မွန်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပိုလျှံထွက်ကုန်များကို မှန်ကန်သော ဈေးကွက်ရရှိစေရေးတို့အတွက် နိုင်ငံတော်၏ စိုက်ပျိူးရေးမူဝါဒများနှင့်အညီ ပြည်နယ်အစိုးရ၏ ဆောက်ရွက်မည့်အစီအမံများကို သိရှိလိုကြောင်းမေးခွန်ကိုမူ ဝန်ကြီးဦးမင်းမြင့်မောင်လေးက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိသည့်အတွက်ကြောင့် သီးနှံဈေးကွက်နှင့် ပတ်သက်၍ ပြန်လည်ဖြေကြားပေးရန်နှင့် ဒေသအတွင်း ဆီဖူလုံမှုရရှိစေရန်အတွက် နေကြာစိုက်ပျိုးနေခြင်းသည် တောင်သူများအတွက် တွက်ခြေကိုက်မှုရှိ/မရှိကို ထပ်ဆင့်မေးခွန်း မေးမြန်းခဲ့ရသည်။

“ကျနော်မေးမြန်းတဲ့ မေးခွန်းမှာပါတဲ့ စိုက်ပျိုးသီးနှံတွေ ဈေးကွက်ရရှိရေးမေးခွန်းကို ဝန်ကြီးက မဖြေခဲ့တဲ့အပြင် ထပ်ဆင့်မေးခွန်း မေးမြန်းပေမယ့် ပြန်မဖြေခဲ့ပါဘူး” ဟု ဒေါက်တာစိုးမိုးအောင်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး ဒေသတွင်းထွက်ရှိသည့် သီးနှံများအတွက် ခိုင်မာသည့် ဈေးကွက်ရရှိမှသာ တောင်သူများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုနှစ်တွင်လည်း နေကြာစိုက်ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဟု သိရကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် နိုင်ငံတော်၏ မူဝါဒဟုဆိုကာ တောင်သူများအား စိုက်ပျိုးခိုင်းနေသည်ဟု သိရကြောင်း ပြောကြားသည်။

“နေကြာစိုက်တာ တောင်သူတွေ ဘယ်လောက်တွက်ခြေကိုက်လဲဆိုတာ ဝန်ကြီးက မဖြေသွားဘူး။ ဆောင်းသီးနှံလည်းဖြစ် ဆီထွက်သီးနှံဖြစ်တဲ့ နေကြာကို စိုက်ပျိုးဧက တစ်သောင်းခြောက်ထောင်ကျော် လျာထားတယ်လို့ သိရပါတယ်။ နေကြာစိုက်ပျိုးဖို့ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် အတော်များတဲ့ ဘဏ္ဍာငွေပမဏကို ခွဲဝေသုံးစွဲထားတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေကြာသီးနှံသည် မွန်ပြည်နယ်၏ ရာသီဥတု၊ ရေမြေသဘာဝနှင့် ကိုက်ညီပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့် တောင်သူများ စီးပွားဖြစ်စိုက်ပျိုးနိုင်သော ဆီထွက်သီးနှံတစ်ခုအဖြစ် ရောက်ရှိအောင်နေပြီးဖြစ်ကြောင်းကို သိရှိလိုကြောင်း ဒေါက်တာစိုးမိုးအောင်က ထပ်ဆင့်မေးခွန်း မေးမြန်းရာတွင် ထည့်သွင်းမေးမြန်းခဲ့သည်။

သို့သော်လည်း ဒေါက်တာစိုးမိုးအောင်၏ ထပ်ဆင့်မေးခွန်းအား ဝန်ကြီးဦးမင်းမြင့်မောင်လေးက ပြန်လည်ဖြေကြားရာတွင်လည်း ဒေသအတွင်း ဆီဖူလုံမှုရှိပါသည်ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်း ၅ ခုမေးမြန်းခဲ့ကြပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ တင်သွင်းထာသည့် “မူလတန်းအဆင့်များ၌ ကလေးသူငယ်များအား အာဟရဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျ ကြီးကြပ်အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆာင်ရွက်ရန်အဆို” နှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီးနောက် ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group