Eleven Media Group

■ တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် တပင်ရွှေထီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းကြား) ဈေးကြီးနှင့် ကုန်တိုက်ကြားတွင် ယာဉ်အစီးရေ ၄၀၀ ကျော် ရပ်နိုင်သည့် အထပ်မြင့်ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် တပင်ရွှေထီးလမ်း (ဗိုလ်ချုပ်လမ်းနှင့် စဝ်စံထွန်းလမ်းကြား) ဈေးကြီးနှင့် ကုန်တိုက်ကြားတွင် ယာဉ်အစီးရေ ၄၀၀ ကျော် ရပ်နိုင်သည့် အထပ်မြင့်ယာဉ်ရပ်နားစခန်း တည်ဆောက်ရန်အတွက် ယနေ့ (အောက်တိုဘာ ၃ ရက်) တွင် ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ နာရီစင် ညဈေးနေရာတွင် တည်ဆောက်မည့် အဆိုပါ အထပ်မြင့်ယာဉ်ရပ်နားစခန်း ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ စီမံကိန်းအား သီဟ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းတန်ဖိုးမှာ (ယခင်ပေါက်ဈေးအရ) ၃၇ ဘီလျံ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကာ ဂုံးကျော်တံတား နှစ်စင်းနှင့် မြေအောက်တံတား သုံးစင်အတွက် ၁၁ ဘီလျံ အကုန်အကျခံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်လင်းအောင်က ပြောကြားသည်။

"ဒီစီမံကိန်းက အများပြည်သူ ယာဉ်ရပ်နားဖို့ ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပါတယ်။ အထူးသဖြင့် မြို့မဈေးနဲ့ City Square ကို ချိတ်ဆက်တဲ့ City Square Central Link ဆိုတဲ့ စီမံကိန်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မြေပေါ် ၇ ထပ်၊ မြေအောက် ၁ ထပ် တည်ဆောက်မှာဖြစ်ပါတယ်။ မြေပေါ် ၇ ထပ်မှာ ကားပါကင် ၅ ထပ်နဲ့ ၆ လွှာ အစီးပေါင်း ၄၂၅ ရပ်နားမှာဖြစ်ပြီး အောက်က ဈေးကတော့ ၃ ထပ် ပါပါတယ်။ အထူးသဖြင့် ညဈေးတန်းကိုလည်း အဆင့်မြင့်ဈေးတန်း ပြောင်းလဲဆောင်ရွက်စေမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဈေးတွေ လက်လီလက်ကားဈေးတွေ ပေါ်ပေါက်လာဖို့၊ SME ဖွံ့ဖြိုးဖို့ ဈေးထည့်သွင်းခြင်းဖြစ်ပါတယ်"ဟု သီဟ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်လင်းအောင်က ပြောကြားသည်။

စီမံကိန်းအတွင်း ဂုံးကျော်တံတားနှင့် မြေအောက်တံတား ထည့်သွင်းခြင်းမှာ အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက်လည်းကောင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရန် ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဈေးကြီး နှင့် ကုန်တိုက်ကြားတွင် ကားအစီးရေ ၄၀၀ ကျော် ရပ်နိုင်သော ကားပါကင် ထည့်သွင်းခြင်းအားဖြင့် မြို့၏ ဈေးများ ပိုမိုအသက်ဝင်လာခြင်း၊ အများပြည်သူ ဝန်ဆောင်မှုပေးသော ကားများ ရပ်နားမှု အဆင်ပြေသွားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သီဟ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်လင်းအောင်က ပြောကြားသည်။
ဈေးပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းသပ်ရပ်စွာ တိုးတက်သော မြို့အင်္ဂါရပ်နှင့်အညီ ပြောင်းလဲသွားမည် ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

စည်ပင်သာယာရေးဌာနထံမှ မြေငှားရမ်းဆောင်ရွက်သည့် ယင်းစီမံကိန်းသည် တည်ဆောက်ရေးကာလမှာ ၄ နှစ်ဖြစ်သော်လည်း ၂ နှစ် သို့မဟုတ် ၃ နှစ်ကျော်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဈေးနှင့် ကုန်တိုက် ချိတ်ဆက်မည့် ၂၅ ပေ ကျယ်ဝန်းသော မြေအောက်ဥမင် underpass ပါဝင်ကာ မြေအောက်လမ်းကို အသုံးပြု၍ လူရော ကားပါ သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဌာန ညွှန်ကြားချက်ဖြစ်သော MMBC 2015-2018 နှင့်အညီ ငလျင်ဒဏ်ခံ အဆောက်အဦအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group