
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများအနက် မန္တလေးတိုင်းအတွင်းမှ ၆၀ ဦး နေရပ်ပြန်နိုင်ရေး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများအနက် မန္တလေးတိုင်းအတွင်းမှ ၆၀ ဦးသည် အောက်တိုဘာ ၄ ရက် ည ၁၀ နာရီခန့်က မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၆၀ ဦးအနက် နှစ်ဦးသည် မန္တလေးမြို့ပေါ်မှဖြစ်ပြီး ကျန် ၅၈ ဦးသည် တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ပြင်ဦးလွင်၊ တံတားဦး၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မြစ်သားမြို့နယ်များမှဖြစ်ကာ ၎င်းတို့အား အောင်မြေမန္တလာဘောလုံးကွင်းတွင် လက်ခံထားရှိ ကြောင်း သိရသည်။
၎င်းတို့အတွက် လိုအပ်သည့်အသုံးအဆောင်များနှင့်အတူ ဆေးစစ်ပေးမှုပြုလုပ်ခြင်း၊ လဝက မှတ်ပုံတင်ပြုလုပ် ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကြုံတွေ့ခဲ့ရသည်များကို မေးမြန်းခြင်း စသည်တို့ ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။
" ဒီအယောက် ၆၀ ထဲက သူတို့ရဲ့ professional တွေ စာရင်းပြုစုပြီး သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနကို တင်ပြမှာဖြစ်ပါတယ်။ ဥပမာ ဒီထဲက တစ်ယောက်ဆိုရင် စားဖိုးမှူးလုပ်သက်အများကြီးရှိတယ်။ ဒါပေမယ့် ပတ်စ်ပို့လိုအပ်ချက်ကြောင့် ဖမ်းခံရပြီး ပြန်လွတ်လာတယ်။ သူတို့တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ကိုပါ နိုင်ငံတော်က ဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က မလေးရှားပြန်လာသူများကို တွေ့ဆုံအားပေးမှုများပြုလုပ်စဉ် ပြောကြားခဲ့သည်။
လတ်တလောအယောက် ၆၀ အနက် ၄၀ ဦးခန့်သည် မိသားစုနှင့်အဆက်သွယ်ရရှိကြောင်း သိရပြီး ကျန်သူများကို အဆက်သွယ်ရသည်အထိ လက်ခံထားရှိမည်ဖြစ်ကာ နယ်မြေမအေးချမ်းသည့်ဒေသသို့ ပြန်မည့်သူများအတွက်လည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
မလေးရှားမှ ပြန်လာသူတစ်ဦးက " ကျွန်တော်က ထောင်ဒဏ် လေးလပဲ ကျခံရတာပါ။ ဒါပေမယ့် ထောင်ထဲမှာ ၁ နှစ်လောက် နေလိုက်ရတယ်။ မြန်မာပြည်ပြန်လာဖို့ အဆက်သွယ်အခက်ခဲကြောင့်ပါ။ အခုလိုပြန်လာခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ လိုလူတွေ အများကြီးကျန်ပါသေးတယ်" ဟု ပြောကြားခဲ့သည်။