



ရန်ကုန်၊ အောက်တိုဘာ ၅
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦး ပြန်လည်ရောက်ရှိ၊ ပြည်ပတွင် အခက်အခဲကြုံသူများကို ဆက်လက်ကူညီမည်ဟု ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများထဲမှ စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် မြန်မာနိုင်ငံသို ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ပါကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများကို စစ်ရေယာဉ် မုတ္တမ၊ ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်နှင့် စစ်ရေယာဉ် ဆင်ဖြူရှင်တိုဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းကာ ပြည်ပရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ၊ ဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း၊ ယင်းသို ဆောင်ရွက်ရာတွင် မလေးရှားနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ နှစ်နိုင်ငံအစိုးရများအကြား ညှိနှိင်းကာ လူသားချင်းစာနာထောက်ထားမှုအရ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လကုန်အထိ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ ၈,၀၄၁ ဦးကို လေယာဉ်ဖြင့် အပတ်စဉ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအနက် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ စုစုပေါင်း ၁,၉၀၅ ဦးကို တပ်မတော်လေယာဉ်၊ စင်ကာပူလေယာဉ်၊ ပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) နှင့် AirAsia လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း ပြောဆိုထားသည်။
ထို့အပြင် အိန္ဒိယရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ ပိုဘလဲမြိုတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာရေလုပ်သား ၂၆ ဦးကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း၊ တစ်ဖက်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် လူပွဲစားများ၏ မဟုတ်မမှန် ဆွဲဆောင်စည်းရုံးမှုများကို အယုံမလွယ်ကြရန်၊ တရားမဝင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပသို့ ထွက်ခွာခြင်းကို ရှောင်ကြဉ်ရန်နှင့် လူကုန်ကူးခံရမှုမရှိစေရေး သတိပြုကြရန် နှိုးဆော်တိုက်တွန်းထားသည်။
ဒေါက်တာခိုင်ခိုင်စိုး က နောင်တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်သတင်းပို့နိုင်ပြီး မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားထားသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ၏ ပြောကြားချက်များအရ မလေးရှားထိန်းသိမ်းရေးစခန်းများတွင် မြန်မာနိုင်ငံသားများ ကျန်ရှိနေသေးကြောင်း သိရပြီး ဆက်လက်ခေါ်ဆောင်ပေးရန်လည်း တိုက်တွန်း ပြောဆိုထားသည်။
#News #Myanmar