
အမျိုးသားပညာရေးစနစ်၏ ပင်မဒေါက်တိုင်များဖြစ်သည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာပြီး အသိပညာများ လက်ဆင့်ကမ်းဖြန့်ဝေပေးရန် တာဝန်ရှိကြောင်း ယနေ့ (အောက်တိုဘာ ၅ ရက်) ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက စာသင်ခန်းများည် နိုင်ငံတော်၏ အနာဂတ်ကို ထုဆစ်ပုံဖော်ရာနေရာများဖြစ်ပြီး ဆရာများသည် နိုင်ငံ့ခေါင်းဆောင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်မွေးထုတ်ပေးသည့် ရှေ့ဆောင်လမ်းပြများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ခံယူချက်၊ ယုံကြည်ချက်နှင့် စိတ်နေသဘောထား ကောင်းမွန်မှန်ကန်ပြီး ဆရာကျင့်ဝတ်နှင့် ပြည့်စုံသည့် ဆရာကောင်း၊ ဆရာမွန် များစွာလိုအပ်ကြောင်း ပြောကြားထားသည်။
နိုင်ငံတော်အနေဖြင့် ၂၁ ရာစု ပညာခေတ်တွင် သိပ္ပံနှင့် နည်းပညာ ပြိုင်ဆိုင်မှုအားကောင်းလာသည့် ယနေ့ကမ္ဘာ့အခင်းအကျင်းနှင့် လိုက်လျောညီထွေ ပါဝင်နိုင်ရန် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့်အတန်းတစ်ခု ဖြစ်ပေါ်လာစေရန် ဆရာများ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများကို တန်းတူညီမျှ မြှင့်တင်ပေးလျက်ရှိကြောင်း အဆိုပါ သဝဏ်လွှာတွင် ပါရှိသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ဆရာများ၏ အသံကို အလေးထားပြီး ဆရာများ၏ လူမှုဘဝ အဆင်ပြေကောင်းမွန်စေရန်နှင့် စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံပြီး အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာနှင့် သုတေသန စသည့် ကဏ္ဍစုံ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သဝဏ်လွှာတွင် ပါရှိသည်။
ဆရာများအား လစာအပြင် ပညာအရည်အချင်းအလိုက် ခံစားခွင့်များ ထပ်ဆောင်းချီးမြှင့်ခြင်း၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ် ထောက်ပံ့ပေးခြင်း၊ ပြည်တွင်း ပြည်ပ ပညာသင်ယူမှု အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း၊ ထူးချွန်ထက်မြက်သည့် ပညာရေးမိသားစုဝင် သားသမီးများအား နှစ်စဉ် ဂုဏ်ပြုဆု ချီးမြှင့်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာများ၏ ဂုဏ်သိက္ခာရှိမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု၊ တာဝန်ကျေပွန်မှုများကို အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများကို စိစစ်ရွေးချယ်ပြီး နှစ်စဉ် ဂုဏ်ပြုချီးမြှောက်ပေးလျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံပြီး ဆရာ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ဆရာ့လုပ်ငန်းခွင်အခြေအနေများ သာလွန်ကောင်းမွန်လာစေရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ဦးစားပေးရည်မှန်းချက်နှစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ဖော်ဆောင်နေချိန်တွင် အသိဉာဏ်ပညာ ဆင်ခြင်တုံတရား မြင့်မားပြီး ငြိမ်းချမ်းရေးအခြေခံအသိရှိသော ဆရာ ဆရာမများနှင့် ကျောင်းသားလူငယ်များသည် နိုင်ငံ့အတွက် စွမ်းအားမြင့်သည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ အမျိုးသားပညာရေးစနစ်၏ ပင်မဒေါက်တိုင်များဖြစ်သည့် ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာပြီး အသိပညာများ လက်ဆင့်ကမ်းဖြန့်ဝေပေးရန် တာဝန်ရှိကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် ပညာရေး၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် "စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ" ဆိုသည့်အတိုင်း မိမိတို့၏ တပည့်များကို စည်းကမ်းကောင်းမွန်ပြီး ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း လိုအပ်ကြောင်း၊ အမျိုးသားအကျိုးစီးပွားကို အစဉ်ရှေးရှုပြီး နိုင်ငံနှင့် ပညာရေးအပေါ် သစ္စာရှိရှိ တာဝန်ကျေပွန်ရန် အရေးကြီးကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ကောင်းစွာ သိရှိပြီး ပညာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒီမိုကရေစီကျင့်စဉ်များကို မိမိတို့ကိုယ်တိုင်သာမက ကျောင်းသားလူငယ်များပါ ကျင့်သုံးလိုက်နာနိုင်ရေး ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းရှိပြီး ဆရာအတတ်ပညာ ပြည့်စုံကုံလုံအောင် အစဉ်လေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ အရည်အသွေး မြှင့်တင်ပေးသည့် သင်တန်းများ၊ ဆွေးနွေးပွဲများကိုလည်း စိတ်ဝင်တစား တက်ရောက်ပြီး ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ အနာဂတ်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေကို လေးစားလိုက်နာတတ်စေရေးအတွက် သွန်သင်ဆုံးမ ဗဟုသုတ မျှဝေပေးနိုင်ရန် ဆရာ ဆရာမများကိုယ်တိုင် စာပေဖတ်ရှုခြင်းနှင့် ဗဟုသုတ ရှာမှီးလေ့လာထားကြရန် လိုအပ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သဝဏ်လွှာပေးပို့သည်။