
အမေရိကန်စစ်တပ်သည် ဗြိတိန်နိုင်ငံရှိ RAF Fairford လေတပ်စခန်းတွင် တပ်ဖြန့်ထားသော B-1 ဗုံးကြဲလေယာဉ်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အောက်တိုဘာ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့ပြီး ယင်းသို့ ရုပ်သိမ်းခြင်းမှာ "ခြိမ်းခြောက်မှုအသစ်များ" ကြောင့်ဖြစ်ကြောင်း အရာရှိများက အမေရိကန်သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က အင်္ဂလန်အနောက်တောင်ပိုင်းရှိ အဆိုပါလေတပ်စခန်းအနီးတွင် မသင်္ကာဖွယ်ရာ ဗင်ကားအချို့နှင့် လူတစ်စုကို တွေ့ရှိကြောင်း ဒေသခံလယ်သမားတစ်ဦး၏ သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရသည်။
အီရန်ကို တိုက်ခိုက်မှုများပြုလုပ်ရန် အမေရိကန်က အသုံးပြုခဲ့သည့် အဆိုပါလေတပ်စခန်းအနီးရှိ နေအိမ် ၈၅ အိမ်မှ ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးသူများအနေဖြင့် ဗင်ကားများအတွင်း ဖောက်ခွဲရေးပစ္စည်းများ မတွေ့ရှိခဲ့သော်လည်း "ဓာတ်ဆီအမြောက်အမြား"ကို သိမ်းဆည်းရမိခဲ့ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။
ပင်တဂွန်အရာရှိတစ်ဦး၏ အောက်တိုဘာ ၄ ရက် သတင်းထုတ်ပြန်ချက်တွင် "RAF Fairford လေတပ်စခန်းတွင် တပ်ဖြန့်ထားသည့် အမေရိကန် ဗုံးကြဲလေယာဉ်အားလုံးကို အမေရိကန်ပြည်ထောင်စုရှိ မူလတပ်စခန်းများသို့ ပြန်လည်ရွှေ့ပြောင်းတပ်ဖြန့်လိုက်ပြီဟု အတည်ပြုနိုင်ကြောင်း"ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးအခြေအနေများကြောင့် တပ်ဖွဲ့များနှင့် လက်နက်ကိရိယာများ ရွှေ့ပြောင်းမှုကို ချက်ချင်းအချိန်နှင့်တစ်ပြေးညီအတည်ပြုပေးနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ပါရှိသည်။
အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက CNN သို့ ပြောကြားရာတွင် "အတိအကျမသိရသေးသည့် ခြိမ်းခြောက်မှုအသစ်" ကြောင့် ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး ယင်းခြိမ်းခြောက်မှုကို "လက်တွေ့ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု" ဟု မီးမောင်းထိုးပြခဲ့သည်။
ဗုံးကြဲလေယာဉ်များကို ဒေသတွင်းရှိ အခြားလေတပ်စခန်းတစ်ခုခုသို့ ပြောင်းရွှေ့ခြင်းမပြုဘဲ မူလအခြေစိုက်စခန်းများရှိရာ အမေရိကန်သို့ တိုက်ရိုက်ပြန်လည်ရွှေ့ပြောင်းခြင်းမှာ ပုံမှန်မဟုတ်သည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု တာ၀န်ရှိသူက ပြောကြားခဲ့သည်။
Ref:AFP