Myanmar National Post

ပွင့်ဖြူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ



ပွင့်ဖြူ၊ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက်၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ယူနက်စကို ညွှန်ကြားရေးမှူးချုပ် မစ္စတာခါလစ်အယ်လ်-အီနာနီ၊ အပြည်ပြည်ဆိုင်ရာ လုပ်သမားအဖွဲ့အစည်း(ILO) ညွှန်ကြားရေးမှူးချုပ် မစ္စတာမာရီယာကာသီရိန်းရာဆဲလ်၊ ပညာရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်တို့မှပူးတွဲပေးပို့သော ကမ္ဘာ့ဆရာများနေ့ နှစ်(၆၀)ပြည့် သဝဏ်လွှာအား ရှင်းလင်းဖတ်ကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးသက်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ရှင်းလင်းဖတ်ကြားသည်။

ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသူများက အပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့ကြရာ အပူဇော်ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးဦးစိန်လွင်(ပညာရေးငြိမ်း)နှင့် ဆရာမကြီး ဒေါ်စန်း(မြို့နယ်ပညာရေးမှူးငြိမ်း)တို့က မြတ်ဆရာပူဇော်ပွဲ ကျင်းပပေးမှုအပေါ် ဂုဏ်ပြုဩဝါဒစကား ပြောကြားပြီး အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဒုတိယဥက္ကဌ ဦးစိုင်းဇာမင်းက အာစရိယပူဇော်ပွဲ တက်ရောက်ချီးမြှင့်ပေးသည့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ဆရာမကြီးများအား ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းနှင့် ပညာရေးဝန်ထမ်းများ၊ အာစရိယပူဇော်ပွဲကျင်းပရေးကော်တီဝင်များက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အပူဇော်ခံကြွရောက်သည့် အသက်(၇၀)နှစ်အထက် ဆရာကြီး/ ဆရာမကြီး (၉၁)ဦးကို စာရေးတံမဲများဖြင့် ပူဇော်ကန်တော့၍ "မြတ်ဆရာ" တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ နှစ်စဉ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ကျေးဇူးရှင် အာစရိယဆရာကြီး/ ဆရာမကြီးများကို တန်ဖိုးထား လေးစားသောအားဖြင့် ပညာရေးဌာနနှင့် အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီတို့ ပူးပေါင်းပြီး အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင်လည်း အသက်(၇၀)နှစ်အထက် ဆရာကြီး/ဆရာမကြီးများကို ဖိတ်ကြား၍ အာစရိယပူဇော်ပွဲကို စီစဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းခိုင်ထံမှ သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post