Eleven Media Group

■ ငလျင်အပါအဝင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သော မော်တော်ယာဉ်များကိုအပ်နှံ၍ အစားထိုးယာဉ်တင်သွင်းခွင့် လျှောက်ထားနိုင်ပြီး ဆောင်ရွက်ပေးလျက်ရှိ

ငလျင်အပါအဝင် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သော မော်တော်ယာဉ်များကိုအပ်နှံ၍ အစားထိုးယာဉ်တင်သွင်းခွင့် လျှောက်ထားနိုင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က ပြောကြားသည်။

အောက်တိုဘာ ၅ ရက်က ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးကိုကိုထွေးက ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော မော်တော်ယာဉ်များကို ကုစားပေးရန်ကိစ္စနှင့်စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းရာ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က "ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသောမော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ သဘာဝဘေးဖြစ်သည့် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များရယူ၍လည်းကောင်း၊မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)၊ မော်တော်ယာဉ်သက်သေခံလက်မှတ် (အဝိုင်း)၊ ယာဉ်ထိခိုက်မှုဓာတ်ပုံများ စိစစ်၍လည်းကောင်း၊ မှတ်ပုံတင်သက်တမ်း ငါးနှစ်ကျော် နှစ်ပြတ်ခြင်း ရှိ-မရှိ စိစစ်၍လည်းကောင်း ယာဉ်စစ်ဆေးပြီး ယာဉ်မှတ်တမ်းနှင့်တူညီပါက ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံ၍ အစားထိုးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားနိုင်ရေးအတွက် မှတ်ပုံတင်သက်တမ်းကြာမြင့်သော ဖျက်သိမ်းယာဉ်ထောက်ခံချက် ပုံစံ “ဃ” ထုတ်ပေးလျက်ရှိသည့်အပြင် သဘာဝဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော်လည်း Road Safety ကို ထိခိုက်မှုမရှိဘဲ မောင်းနှင်နိုင်သည့်အခြေအနေရှိသည့် တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ်များ ပြုပြင်ခွင့်လျှောက်ထားပါက သက်ဆိုင်ရာမှတ်ပုံတင်ရုံးများတွင် မှတ်တမ်းနှင့်စိစစ်၍ သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြုပြင်စေပြီး အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်သည့်အခြေအနေရှိပါက ဆက်လက်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်ပါ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော မော်တော်ယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံ၍ အစားထိုးယာဉ်တင်သွင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါယာဉ်အပ်နှံပါက အစားထိုးမော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားနိုင်ရေးအတွက် ထောက်ခံချက်ပုံစံ “ဃ” ကို ထုတ်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မော်တော်ယာဉ်တင်သွင်းခွင့်ပြုသည့်အချိန်တွင် အစားထိုးယာဉ်တင်သွင်းနိုင်ရေးအတွက် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း" ဖြေကြားခဲ့သည်။

"ငလျင်မှာ လူနေအိမ်အဆောက်အအုံတွေအတွက် အစိုးရထောက်ပံ့ကြေးရကြပေမဲ့ မော်တော်ယာဉ်တွေအတွက်က ဘာမှမရကြဘူး။ မော်တော်ယာဉ်ပျက်စီးမှုတွေ တော်တော်များများကြုံတွေ့ကြရပါတယ်။ တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက်လည်း နည်းနည်းမှ အထောက်အပံ့ဖြစ်ဖြစ်ဆိုပြီး မေးခွန်းမေးခဲ့တာပါ။ ဝန်ကြီးကလည်း ဆောင်ရွက်ပေးနေတယ်ဆိုတဲ့အကြောင်း ဖြေကြားသွားတာမို့ အများပြည်သူကိုလည်း ခုလိုလျှောက်လို့ရကြောင်း သိရှိစေချင်ပါတယ်" ဟု မေးခွန်းမေးမြန်းရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ဦးကိုကိုထွေးက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group