Myanmar National Post

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ အယ်လ်နီညို ကိစ္စရပ်များညှိနှိုင်းဆွေးနွေး








ပုသိမ်၊ အောက်တိုဘာ  ၆

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက် များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ အယ်လ်နီညို ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် Video Conferencing ဖြင့်တက်ရောက် ရှင်းလင်းညှိနှိုင်းဆွေးနွေးသည်။ 

ဦးစွာ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လမ်းညွှန် မှာကြားချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်ဆင့်ရှင်းလင်းပြီးနောက် “အယ်လ်နီညိုဖြစ်ပေါ်မှုကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးမမှန်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ် နိုင်သဖြင့် သောက်သုံးရေ၊ စိုက်ပျိုးရေများကို စုဆောင်းထားရှိရန်နှင့် စနစ်တကျသုံးစွဲကြရန်လိုပါကြောင်း၊ ပူပြင်းခြောက်သွေ့မှုနှင့်အတူ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် မီးဘေး အန္တရာယ်ကိုလည်း အထူးဂရုစိုက်၍  ကြိုတင်ကာကွယ်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် ဒေသအတွင်းရှိဈေးများ မီးဘေးအန္တရာယ် ကင်းရှင်းရေးကိုလည်း ကြိုတင်စစ်ဆေးရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေရရှိရေး၊ ပြည်သူများသောက်သုံးရေရရှိရေး၊ စည်ပင်သာယာရေးအတွက် ရေရရှိရေးနှင့် မီးငြိမ်းသတ်ရေရရှိရေးတို့အတွက် ရနိုင်သမျှနည်းလမ်းများဖြင့် ကြိုတင်စုဆောင်း ထားရှိရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အယ်လ်နီညိုနှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာ ပေးခြင်းနှင့် အပူရှောင်စခန်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရန်နှင့် လုပ်ဆောင်ရမည့်အစီအမံများကိုလည်း တင်ပြသွားရန်လိုပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ပေးထားသည့်ရည်မှန်းချက်ကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ ရေငန် ဝင်ရောက်သည့်ဒေသများတွင် ရေငန်တားတာများ ပြုလုပ်ခြင်းအပြင် ရေချိုရရှိရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  မွေးမြူရေးအနေဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ်များအပြင် ဌာနဆိုင်ရာအလိုက် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းသား/သူတိုင်း KG+9 အထိ ရောက်ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး တန်းစဉ်ကူးပြောင်းမှု မြင့်မားရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် လိုအပ်သည်များကိုလည်း သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များက ဝိုင်းဝန်းပံ့ပိုးပေးရန်လိုပါကြောင်း” ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက အယ်လ်နီညိုနှင့်ပတ်သက်၍ ရေလှောင်တမံများတွင် ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ စိုက်ဧကများ အောင်ရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် ချောင်းကော၊ မြောင်းကော၊ ချောင်းပိတ်၊ မြောင်းပိတ်များ ပြန်လည်တူးဖော်မှုအခြေအနေများ၊ ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ရေပြတ်လပ်မှုဖြစ်ပေါ်သည့် ဒေသများနှင့် ရေငန်ဝင်ရောက်သည့်ဒေသများတွင် မြစ်ရေချောင်းရေများ ရေငန်မဝင်ရောက်မီကာလအတွင်း မြစ်ရေ၊ ချောင်းရေများ ကြိုတင်စုပ်ယူသိုလှောင်နိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံများ၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးသတိပေးကြေငြာချက်များ လှည့်လည် အသိပေးဆောင်ရွက်မည့် အခြေအနေများ၊ စက်သုံးဆီဆိုင်များ၊ ဌာနဆိုင်ရာများ မီးသတ်ဆေးဘူးများ လုံလောက်စွာထားရှိရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် သွားမည့်အခြေအနေများ၊ လျှပ်စစ်မီးမှ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်ဝါယာ ကြိုးများ စစ်ဆေးဆောင်ရွက်မည့်အခြေအနေများ၊ စိုက်ဧကများရေလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် သောက်သုံးရေရရှိရေးအတွက် ရေတွင်းရေကန်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊   အယ်လ်နီညိုဖြစ်စဉ်ကို မိုးလေဝသဌာနများမှ စဉ်ဆက်မပြတ် သတင်းရယူစောင့်ကြည့်ခြင်း၊ အပူလှိုင်း၊ မိုးခေါင်မှု၊ ရေကြီးနိုင်မှုစသည့် သတိပေးချက်များကို အများပြည်သူသိရှိသတိပြုစေရေးအသိပညာပေးဆောင်ရွက်သွားမည့် အခြေအနေများ၊ ရေသိုလှောင် ကန်များတွင် ရေကြိုတင်စုဆောင်းခြင်းနှင့် သောက်သုံးရေ အတွက် ဒေသအလိုက် ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရေသုံးစွဲမှုကို စနစ်တကျ အသုံးပြုရေး စီမံဆောင်ရွက်ခြင်းနှင့် မိုးရေစုဆောင်းခြင်း၊ ရေချွေတာ သုံးစွဲခြင်းများ ပြုလုပ်ရေး အသိပေးဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ၏ အထွေထွေဆွေးနွေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြစ်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post