Myanmar National Post

လားရှိုးမြို့ နယ်မြေ(၄)သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ အဆောင်တစ်ခု၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ






 နေပြည်တော်၊ အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နယ်မြေ(၄) သီရိမဟာရပ်ကွက် ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်၌ အွန်လိုင်းလိမ်လည်လောင်းကစားခြင်းများလုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေးရာ အဆိုပါအဆောင်ရှိ အခန်းတစ်ခန်းအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားခြင်းနှင့်ပတ်သက်သည့် သတင်းများအရ လားရှိုးမြို့ ဗျူဟာလမ်းရှိ ဝင်းချယ်ရီအဆောင်အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ အဆောင်ရှိ အခန်းအမှတ်(၂၁၄)အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသူ လားရှိုးမြို့နေ မင်ဟွေးဆင်(ဘ)ဦးငွားငူ၊ မဝှေဖူး(ဘ)ဦးငွားဝူ၊ ကောင်းဝင်းကြည်(ခ)အန်းဝယ်(ဘ)ဦးကောင်းကျင်နှင့် ထန်အင်ရှီ(ခ)အဖျင်း(ဘ)ဦးဖာဝမ်းတို့ လေးဦးကို အွန်လိုင်းလောင်းကစားလုပ်ကိုင်ရာတွင် အသုံးပြုသည့် Laptop ၄ လုံး၊ All in One ကွန်ပျူတာ ၁ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ Wifi စက် ၂ လုံး၊ ငွေကျပ် ၄၇၅၀၀၀ တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်း၌ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post