Myanmar National Post

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား













 နေပြည်တော်၊ အောက်တိုဘာ ၆

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် ရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)နှင့်ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ တပ်ဖွဲ့ဖွဲ့စည်းခြင်း (၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် Recreation Center ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ဦးစွာတာဝန်ရှိသူတစ်ဦးက အဆိုပါအဆောက်အအုံတည်ဆောက်ခဲ့မှုနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က Recreation Center အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကမ်းခြေစောင့်တပ်ဖွဲ့တည်ထောင်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ်တပ်နှစ်ပတ်လည်နေ့အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲက အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွားရေးဇုန်အထိဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်းအချက်အလက်များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့်ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း။

နိုင်ငံတော်၏ ပင်လယ်ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားနှင့် အဏ္ဏဝါပတ်ဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ပင်မကမ်းခြေကမ်းရိုးတန်းမှ သီးသန့်စီးပွားရေးဇုန်အထိ ရေပြင်၊ ဝေဟင်နှစ်ရပ်စလုံးမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသည့် အရည်အချင်းပြည့်ဝသော ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာရမည်ဆိုသည့် မျှော်မှန်းချက်အမြင်ဖြင့် တည်ထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့မြန်မာ့ပင်လယ်ပြင်သည် နိုင်ငံတော်၏ ကုန်သွယ်ရေး National Trade အတွက်အရေးပါသည့် အသက်သွေးကြောဖြစ်သကဲ့သို့ အင်ဒို-ပစိဖိတ်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှနှင့်တောင်အာရှ၊ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးများဖြစ်သော တရုတ်နှင့်အိန္ဒိယတို့ကို ဆက်သွယ်ပေးထားသည့် ပထဝီနိုင်ငံရေးပေါင်းကူးဆက်စပ်ရပ်ဝန်းလည်းဖြစ်ကြောင်း။

ယနေ့အချိန်တွင် မိမိတို့နိုင်ငံသည် ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုနှင့်အတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုကို တည်ဆောက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာမြောက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိုသို့ပူးပေါင်းဆောင်ရွက်မှုများတွင် ပင်လယ်ရေကြောင်းကဏ္ဍများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများလည်း အများအပြားပါဝင်လျက်ရှိကြောင်း။

ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များသည် ကျယ်ပြန့်နက်နဲသည့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာစံနှုန်းဆိုင်ရာကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ဆက်နွှယ်နေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ပင်လယ်ရေကြောင်းဆိုင်ရာ မူလစွမ်းရည် Maritime Potential ကို ထိရောက်စွာအသုံးချနိုင်ပြီး ပင်လယ်ရေကြောင်းဆိုင်ရာကဏ္ဍများတွင် နိုင်ငံတော်၏ပုံရိပ်ကောင်းနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့၏တာဝန်များကိုထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ပင်လယ်ရေကြောင်းတရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်းအပြင် ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးစသည့်တာဝန်များကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်များသည် တပ်ဖွဲ့စတင်ဖွဲ့စည်းစဉ်ကပင် သတ်မှတ်ပေးထားသည့် တပ်ဖွဲ့၏စွမ်းရည်များပင်ဖြစ်ကြောင်း။

ရေကြောင်းသွားလာသူများကို မြန်မာ့ပင်လယ်ပြင်အတွင်း ရေလုပ်သားနှင့်အကာအကွယ်ပေးရေး၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာအကူအညီပေးရေး၊ တရားမဝင် မှောင်ခိုလုပ်ငန်းနှင့် အကောက်အခွန်မဲ့ပစ္စည်းတားဆီးကာကွယ်ရေး၊ ပင်လယ်ဓားပြတားဆီးကာကွယ်ရေး၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းမှောင်ခို တားဆီးကာကွယ်ရေးတာဝန်များအပြင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းထိန်းချုပ်နေရာကာကွယ်ရေး(Choke Point Control)နှင့် သံတမန်ရေးတာဝန်များကို တပ်မတော်(ရေ)၊ ရေကြောင်းရဲတပ်ဖွဲ့များနှင့် ဟန်ချက်ညီစွာလက်တွဲဖော်ဆောင်သွားကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များကို ထိုကဏ္ဍများတွင် လက်တွေ့ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပသင်တန်းများ စေလွှတ်ပြီး သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့်တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များတွင်ရှိသင့်သည့် စွမ်းရည်မြင့်မားမှု၊ နိုင်ငံတကာသုံးဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ ကျွမ်းကျင်မှုများရှိအောင် ကြိုးစားသင်ယူနေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ကမ်းလွန်ကင်းလှည့်ရေယာဉ်များ၊ အမြန်သွားကင်းလှည့်ရေယာဉ်များနှင့်ရေယာဉ်ငယ်များကို ဖြည့်တင်းပေးလျက်ရှိကြောင်း။

မြန်မာ့ပင်လယ်ရေကြောင်း အကျိုးစီးပွားများကို ထိထိရောက်ရောက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ဥပဒေနှင့်အညီခိုင်မာစွာရပ်တည်ဆောင်ရွက်နိုင်အောင် နိုင်ငံတော်အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့်အညီ တည်ကြည်ဖြောင့်မတ်ခိုင်မာစွာ မြန်မာ့ပင်လယ်ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် အဏ္ဏဝါဂေဟစနစ်နှင့်သယံဇာတများကို ဂရုတစိုက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်နိုင်မှသာ “Good Order at Sea” “ပင်လယ်ပြင်ငြိမ်ဝပ်ပိပြားမှု စနစ်တကျရှိစေရေး” ဆိုသည့် တပ်ဖွဲ့၏စွမ်းဆောင်ရည် လုပ်ငန်းတာဝန်ကိုလည်း ကျေပွန်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းနိုင်ငံများ၏ စီရင်ပိုင်ခွင့်အာဏာအတွက်အရေးပါသည့် နိုင်ငံတော်က သဘောတူလက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာရေကြောင်း ဥပဒေ၊ ကွန်ဗင်းရှင်းများနှင့် နောက်ဆက်တွဲစာချုပ်များကိုလည်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ “Good Governance at Sea” ဆိုသည့် “ပင်လယ်ပြင်မှာ ကောင်းမွန်တရားမျှတသော ဥပဒေစိုးမိုးစေရေး” တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

တပ်ဖွဲ့ဝင်များအနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ရည်ရွယ်ချက်များကို အလေးအနက်ထား အကောင်အထည်ဖော်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်၏ ပင်လယ်ရေကြောင်းအကျိုးစီးပွားနှင့် ရေကြောင်းသယံဇာတများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်၊ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပင်လယ်ရေကြောင်းအဆောက်အအုံများနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း။

ကမ်းခြေစောင့်တပ်ဖွဲ့၏ တာဝန်များကိုထမ်းဆောင်ကြရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ပိုင်ခွင့် တည်တံ့ခိုင်မြဲရေးကို အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စွမ်းရည်ထက်မြက်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ရှည်လျားသည့်ကမ်းရိုးတန်းနှင့် ကျယ်ဝန်းသည့် မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်၊ တည်ငြိမ်အေးချမ်းသည့်ပင်လယ်ပြင်၊ သန့်ရှင်းသည့်ပင်လယ်ပြင်၊ ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ်းခြေစောင့်တပ်ဖွဲ့နှင့်ပတ်သက်သည့် အထိမ်းအမှတ်မှတ်တမ်း video ကို ကြည့်ရှုကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့(၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ ဆိုင်ခန်းများနှင့် ရှာဖွေကယ်ဆယ်ရေးရေယာဉ်တို့အား လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ကမ်းခြေစောင့်တပ်ဖွဲ့ဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ကမ်းခြေစောင့်တပ်ဖွဲ့၏ စွမ်းရည်များ၊ ရည်မှန်းချက်တာဝန်များအပေါ် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်ချက်ကြီးမားစွာ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာများကို တပ်ဖွဲ့ဝင်များနားလည်သိရှိစေရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြင့်မားစေရေးအတွက်လည်း သင်တန်းများရွေးချယ်စေလွှတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်ဖွဲ့များ၏ လုပ်ငန်းတာဝန်များသည် မတူကွဲပြားသည့်အတွက် တပ်ဖွဲ့များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်ဝင်းအတွင်း မိသားစုများသက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post