Myanmar National Post

ရုရှားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို့ မကြိုးစားကြပါနဲ့ လို့ အိန္ဒိယဆို


အောက်တိုဘာ - ၆ ( အင်္ဂါနေ့ ) 

ရုရှားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ အတွက် အိန္ဒိယကို စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေး အကြပ်ကိုင်မှုတွေ ပြုလုပ်နေတဲ့ အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို လက်တွေ့ကျတဲ့ အမှန်တရား စကားတစ်ခွန်းသုံးပြီး တုံ့ပြန်လိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ က အိန္ဒိယမြို့တော်မှာ စုဝေးရောက်ရှိနေကြတဲ့ အနောက်နိုင်ငံများမှ ထိပ်သီးပုဂ္ဂိုလ်များ အပါအဝင် ကမ္ဘာ့နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ သီတင်းပတ်ကုန် အစည်းအဝေးမှာ သူတို့ မကြားချင်တဲ့ အမှန်တရားတစ်ခုကို ပြောကြားခဲ့ပါတယ် - အဲဒါကတော့ အိန္ဒိယနဲ့ ရုရှားရဲ့ ဆက်ဆံရေးဟာ "လွယ်လွယ်နဲ့ မေ့ပစ်လို့မရနိုင်တဲ့ ဆက်ဆံရေး" ဖြစ်တယ်ဆိုတာပါပဲ။

"ကျနော်တို့အတွက်တော့ ရုရှားနဲ့ သူ့မတိုင်ခင်က ဆိုဗီယက်ယူနီယံဟာ ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး ခြိမ်းခြောက်ခံခဲ့ရတဲ့ အချိန်တွေတုန်းက နည်းလမ်းပေါင်းစုံနဲ့ ကူညီရပ်တည်ပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နေရာတော်တော်များများက ကျနော်တို့ ဘေးနားက စစ်အုပ်ချုပ်ရေးစနစ်ကို ထောက်ခံဖို့ ရွေးချယ်နေကြချိန်မှာလည်း သူတို့က ကျနော်တို့ဘက်မှာ ရပ်တည်ပေးခဲ့တာပါ" လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ဒီသမိုင်းကြောင်းဟာ နယူးဒေလီနဲ့ မော်စကိုတို့ရဲ့ ဆက်ဆံရေး အပေါ် ဆက်လက် သြဇာသက်ရောက်နေဆဲ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

အနောက်အုပ်စုဟာ ၂၀၂၂ ခုနှစ် ယူကရိန်ပဋိပက္ခ စတင်ကတည်းက မော်စကို (ရုရှား) ကို အထီးကျန် ဖြစ်အောင် လုပ်ဖို့ သူတို့ ထိန်းချုပ်ထားတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်နဲ့ ပထဝီနိုင်ငံရေး မဟာမိတ် အဖွဲ့တွေ ကို အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာ့ထွန်းသစ်စ စီးပွားရေးနိုင်ငံတွေနဲ့ တောင်ဘက်ကမ္ဘာခြမ်း နိုင်ငံတွေ ဟာ မော်စကိုနဲ့ စီးပွားရေး/ကုန်သွယ်ရေး ဆက်ဆံရေးတွေကို ပိုမိုနီးကပ်စွာ တည်ဆောက်ခဲ့ကြတာ ကြောင့် အနောက်အုပ်စုရဲ့ အဲဒီကြိုးပမ်းမှုတွေဟာ အများအားဖြင့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ အနောက်အုပ်စုက အသုံးပြုနေတဲ့ မတရားတဲ့ အခွန်တိုးမြှင့်မှုတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ စီးပွားရေးလုပ်ဆောင်မှု ကုန်ကျစရိတ်တွေကို မြင့်တက်စေခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေကာ ကမ္ဘာတစ်ဝန်းလုံးကို စီးပွားရေးအရ ထိခိုက်နာကျင်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အမေရိကန်ဟာ အိန္ဒိယအပါအဝင် ရုရှားရဲ့ စွမ်းအင် အဓိကဝယ်ယူနေတဲ့ နိုင်ငံတွေအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ဥပဒေတစ်ခုကိုလည်း လတ်တလောမှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အခွန်စည်းကြပ်မှုတွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ပြီး မိမိတို့နိုင်ငံရဲ့ လူဦးရေ ၁.၄ ဘီလီယံအတွက် စွမ်းအင်လုံခြုံစိတ်ချရမှု ရှိစေရေးဟာ အဓိက ဦးစားပေးဖြစ်တယ်လို့ နယူးဒေလီ (အိန္ဒိယအစိုးရ) က သတိပေးပြောကြားခဲ့ပါတယ်။

အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက ခိုင်မာတဲ့ ဆက်ဆံရေးကို ထိန်းသိမ်း ထားခဲ့တာဖြစ်ကြောင်း နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ မြူးနစ်ခေါင်းဆောင်များ အစည်အဝေး မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ က ပြောကြားခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေတုန်းက ဆိုဗီယက်ယူနီယံရဲ့ ထောက်ခံကူညီမှုတွေဟာ ဒီဆက်ဆံရေးကို ပုံဖော်ရာမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုဟာ နျူကလီးယားနဲ့ အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့အတူ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ သော့ချက်ကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သလို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နဲ့ သဘာဝသယံဇာတ ကဏ္ဍတွေဟာလည်း ပိုမိုအရေးပါလာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ရဲ့ အချက်အလက်များအရ ၂၀၂၁-၂၅ ခုနှစ်အတွင်း အိန္ဒိယရဲ့ အဓိက လက်နက်တင်သွင်းမှု စုစုပေါင်းရဲ့ ၄၀% ကို ရုရှားက ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဒါဟာ မည်သည့် လက်နက်ရောင်းချသည့်နိုင်ငံထက်မဆို အများဆုံး ဝေစုဖြစ်ပါတယ်။ သို့သော်လည်း အိန္ဒိယအနေနဲ့ လက်နက်ဝယ်ယူသည့် နိုင်ငံများကို စုံလင်အောင် တိုးမြှင့်ဆောင်ရွက်လာတာကြောင့် ဒီဝေစုဟာ ၂၀၁၁-၁၅ ခုနှစ်မှာ ၇၀% နဲ့ ၂၀၁၆-၂၀ ခုနှစ်မှာ ၅၁% ရှိခဲ့ရာမှ လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။


Ref: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post