
ပဲခူး , အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၆ ရက် နေ့နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ရေကြီးနစ်မြှုပ်မှု လျော့နည်းသပ်သာစေရေး ပန်းဆိုးချောင်း တူးဖော်နေမှု၊ ပုဏ္ဏားစုရပ်ကွက် ဟံသာဝတီရှေးဟောင်းကျုံး ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ မုန်တိုင်ကျေးရွာ ရေနစ်မြှုပ်မှုကာကွယ်ရေး ရေထုတ်ချောင်းရိုး ပြန်လည်အဆင့်မြှင့်တင်ပေးနေမှု၊ ဥဿာမြို့သစ်၊ (၇) ရပ်ကွက်အတွင်း ရေဝပ်မှုမရှိစေရေး ရေလမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ရပ်ကွက်အတွင်း ရေမြာင်းများ အမှိုက်ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်နေမှုတို့အား လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က မြစ်ချောင်းများရှိ ရေများအား စနစ်တကျစီးဆင်းစေရန်၊ ရေကြီးရေလျှံမှု လျော့နည်းစေရန်၊ စိုက်ပျိုးရေနှင့်သောက်သုံးရေတို့အတွက် အကျိုးရှိရှိအသုံးချနိုင်စေရေး ဆောင်ရွက်ကြရန်၊ ရပ်ကွက်အတွင်း၌ ရေဝပ်ကျန်ရှိမှုမရှိစေရေး၊ ဟံသာဝတီရှေးဟောင်းကျုံးအတွင်း ရေဝင်/ရေထွက်ကောင်းမွန်စေရေးနှင့် ရေထုတ် မြောင်းများ၌ အမှိုက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် ကျူးကျော်မှုများမရှိစေရေး မြို့နယ်များအလိုက် စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost