Myanmar National Post

ဝရမ်းပြေး ကျော်မိုးထွန်း ကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးပါ


နိုင်ငံတော်အစိုးရက ဝရမ်းထုတ်ထားပြီး NUG, CRPH အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသူ၊ Bank of America မှာ ရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစား လုပ်ခဲ့သူ ကျော်မိုးထွန်းကို အမြန်ဆုံး ဖမ်းဆီးအရေးယူပေးနိုင်ရန် လွှတ်တော်၊ အစိုးရတာဝန်ရှိသူများကို အလေးအနက် တိုက်တွန်း တောင်းဆိုလိုပါတယ်။

လက်ရှိအချိန်အထိ ကျော်မိုးထွန်း ဟာ ကုလသမဂ္ဂမျက်နှာစာမှာ မြန်မာအစိုးရက ခန့်အပ်ထားခြင်း မရှိဘဲနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းများဘက်က ကာကွယ်ရပ်တည် ပြောဆိုမှုများဖြင့် မြန်မာ့ပုံရိပ်ကို ဖျက်ဆီးနေပါတယ်။ ကုလသမဂ္ဂဟာ မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ တရားမဝင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများကို အသိအမှတ်ပြုနေတယ်ဆိုရင် လက်ရှိ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ရွေးချယ်ခံအစိုးရကို အသိအမှတ်မပြုဘဲ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ NLD ပါတီခေါင်းဆောင်များကိုသာ ဆက်လက်အသိအမှတ်ပြုထားတယ်ဆိုရင် ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ရပ်တည်ချက်ဟာ မြန်မာပြည်သူများရဲ့ သဘောထားဆန္ဒကို မျက်ကွယ်ပြုရာရောက်သလို မြန်မာပြည်သူများက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များ၊ အစိုးရ ကို ပုံရိပ်ကျအောင် လုပ်ဆောင်နေရုံမျှမက မြန်မာပြည်မှာ ဒီမိုကရေစီရှင်သန်ရေးကို အလေးထားရပ်တည်တဲ့ အဖွဲ့အစည်းမဟုတ်ဘဲ အကြမ်းဖက်အားပေး ကုလသမဂ္ဂလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။

ဝရမ်းပြေး ကျော်မိုးထွန်း က စစ်တပ်က ပြည်သူများ၏ အသက်ကို ငဲ့ညှာထောက်ထားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲသောကြောင့် ရခိုင်ပြည်သူ ၄၉ ဦးသေဆုံးခဲ့ရဟု ကုလသမဂ္ဂအစည်းအဝေးသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း အသိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်ဖျက်မီဒီယာတွေမှာ ဖော်ပြနေတာတွေကို တွေ့ရပါတယ်။ အဆိုပါ သတင်းဖော်ပြချက်မှာ ဆိုရင် "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မြို့ဈေးတန်းကို စက်တင်ဘာ ၂၈ ရက်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၄၉ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့ အထိမ်းအမှတ်နှင့် မြှင့်တင်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အထွေထွေညီလာခံ သဘာပတိအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ရခိုင်မှပြည်သူများ သေဆုံးခဲ့ရမှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဦးကျော်မိုးထွန်း က လက်ရှိမြန်မာနိုင်ငံတွင်  စစ်အုပ်စု၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေပြင်မှ အမြောက်ဖြင့် တိုက်ခိုက်မှုများအပြင် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို အသုံးချမှုများကြောင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အခြေအနေများ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် လုံခြုံရေးကို ကာကွယ်နိုင်ရန် စစ်အုပ်စုထံ စစ်လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ ပံ့ပိုးပေးနေမှုများကို ဖြတ်တောက်ရပ်တန့်ပေးရန် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဝရမ်းပြေး ကျော်မိုးထွန်း ရဲ့ ပြောဆိုမှုတွေဟာ မြန်မာ့ပုံရိပ်ကို ပျက်စီးစေရုံမျှမက အကြမ်းဖက်နှိမ်နင်းရေးကိုလည်း ကမ္ဘာ့နိုင်ငံများက အသိအမြင်လွဲမှားစေပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း အခြေအနေသာ မက မြန်မာပြည်ရဲ့ အခြေအနေမှန်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု ရပ်တည်ပြောဆိုမယ့်သူ မရှိဘဲ NUG, CRPH အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းရပ်တည်နေတဲ့ ဝရမ်းပြေး ကျော်မိုးထွန်း က အကြမ်းဖက်နှိမ်နင်းရေးကို အကြမ်းဖက်နှိမ်နင်းရေးလို့ မပြောဘဲ တပ်မတော်ကပဲ အပြစ်မဲ့ ပြည်သူများကို ပစ်ခတ်တိုက်ခိုက်နေသယောင် ပုံဖော်ပြောဆိုမှုမျိုးတွေဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။

ကျော်မိုးထွန်းရဲ့ လူမှုကွန်ရက် စာမျက်နှာကို ကြည့်လိုက်ပြန်တော့လည်း အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ULA/AA ရဲ့ ထုတ်ပြန်ချက်တွေကို ပြန်လည်မျှဝေထားတယ်။ မြန်မာပြည်မှာ ဘယ်တုန်းကမှ ရိုးသားမှုမရှိတဲ့ အယ်ဂျားဇီးယားလို သတင်းဌာနရဲ့ လုပ်ကြံဖန်တီး ဖော်ပြမှုတွေကို မျှဝေထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ ပြည်ဖျက်မိစ္ဆာတစ်ဦးအဖြစ် ရှုမြင်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ နေထိုင်သူအားလုံးဟာ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။ ပြည်သူများထဲမှာမှ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲအောင် လုပ်ဆောင်နေသူတွေလည်း ရှိပါတယ်။ ဒီလူတွေကို အကြမ်းဖက်သမားများလို့ ခေါ်ဆိုပါတယ်။ CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့ သူတို့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များ၊ KNU ၊ KNLA ၊ AA အဖွဲ့တွေဟာလည်း လက်ရှိအချိန်အထိ တော်လှန်ရေးလို့ အသံကောင်းဟစ်ပြီး ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေပျက်စီးအောင် နည်းမျိုးစုံနဲ့ ဖျက်ဆီးလျက်ရှိပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့တွေထဲမှာ ပါဝင်နေသူတွေကို ပြည်သူလို့ ဆိုရင်တောင် တိုင်းဖျက် ပြည်ဖျက်လုပ်နေတဲ့ သာမာန်ပြည်သူ မဟုတ်ပါဘူး။ အကြမ်းဖက်သမား ပြည်သူ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရင် အလွန်ကောင်းမွန်ပါတယ်။ လက်နက်ကိုင် အကြမ်းဖက်သမားများဖြစ်နသည့်အတွက် ဥပဒေနဲ့အညီ အရေးယူနိုင်ခြင်း မရှိဘူးဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေးအတွက် နှိမ်နင်းရတာ အစဉ်အလာ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို ပြည်သူဆိုတဲ့ ခေါင်းစဉ်အောက် အတင်းကာရော စွဲသွင်းလို့တော့ မရပါဘူး။

အကြမ်းဖက်အဖွဲ့တွေ အင်အားကောင်းပြီး တပ်မတော် တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်ဆောင်ခဲ့စဉ်က အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အားပေးလှုံ့ဆော် ပြည်ဖျက်မီဒီယာတွေမှာ ဂုဏ်ဆာခဲ့ကြပြီး တပ်မတော်က အကြမ်းဖက်အဖွဲ့တွေကို တန်ပြန်နှိမ်နင်းမှုတွေ လုပ်ဆောင်သည့်အခါတိုင်း တပ်မတော်ကပဲ အရပ်သားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်နေသလို ပုံဖော်ရေးသား ပြောဆို ဖြန့်ဝေမှုတွေဟာ အောက်တန်းစား ဆန်လွန်းလှပါတယ်။ အားနည်းချက်ကတော့ အစိုးရရဲ့ အားနည်းချက်လို့ပဲ ထောက်ထား ပြောဆိုရမှာ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း စတင်ဝင်ရောက်လာစဉ်ကတည်းက ပီပီပြင်ပြင်နှိမ်နင်းခဲ့မယ်ဆိုရင် ဒီလိုအခြေအနေမျိုးထိ ရောက်မလာပါဘူး။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်များဟာ လစ်ဟာမှုတွေများလွန်းတဲ့အတွက် ဆုံးရှုံးမှုတွေ ကြီးမားခဲ့တယ်။ အခုအချိန်မှာ ထိထိရောက်ရောက်မရှင်းလင်းဘူးဆိုရင် ULA/AA အကြမ်းဖက်အဖွဲ့က ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ အာရက္ခနိုင်ငံတော်အဖြစ် ကြေညာပြီး ပြည်ထောင်စုပြိုကွဲအောင် လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ NUG, CRPH အကြမ်းဖက်အဖွဲ့များရဲ့ ဘက်တော်သား ကျော်မိုးထွန်း က မြန်မာ့ပုံရိပ် ကျဆင်းအောင် လုပ်ဆောင်နေသလို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ကိုယ်တိုင်ကလည်း ကမ္ဘာတလွှားက မုသာဝါဒီ သတင်းမီဒီယာများနဲ့ မြန်မာပြည်အပေါ် နည်းမျိုးစုံနဲ့ ဖိအားပေးလိုတဲ့ တိုင်းပြည်တွေရဲ့ အလိုကျ မဟုတ်မမှန် ပြောဆိုမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာမှာ ဝေဖန်ထောက်ပြစရာတွေ အင်မတန်များလွန်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အထိ ထောက်ပြပြောဆိုခံနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မြန်မာပြည်အရေးမှာ ဆယ်စုနှစ်ပေါင်းများစွာကို ဘက်လိုက်ရပ်တည်ပြီး မြန်မာပြည်ကို အကြပ်အတည်းဖြစ်အောင် လုပ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေပါတယ်။ 

မြန်မာပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကုလသမဂ္ဂ က အသိအမှတ်ပြုဘဲ ဒီမိုကရေစီအရည်ခြုံ မဲလိမ်မဲခိုးအဖွဲ့အစည်း အာဏာရရှိရေးကိုသာ ဦးတည်တဲ့အဖွဲ့အစည်းဆိုရင်တော့ မြန်မာပြည်ကို ဘယ်နည်းနဲ့မှ ကောင်းကျိုးပြုရန် မရှိပါဘူး။ သူတို့ရဲ့ ရပ်တည်ချက် လုပ်ဆောင်ချက်တွေဟာ ကုလသမဂ္ဂမှာ လုပ်ပိုင်ခွင့် တာဝန်တွေရယူပြီး ငွေကြေးပံ့ပိုးတဲ့ နိုင်ငံတချို့ရဲ့ အလိုကျကိုသာ လိုက်ပါလုပ်ဆောင်နေမယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူမဖြစ်သလို မြန်မာပြည်အရေးနဲ့ ပတ်သက်လို့လည်း အစဉ်သဖြင့် မှားယွင်းတဲ့ ရပ်တည်ချက်တွေနဲ့ မလိုလားအပ်တဲ့ ဖိအားပေးမှုတွေဟာ ဆက်လက်လုပ်ဆောင်နေမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မြန်မာပြည်အနေနဲ့ ထိရောက်တဲ့ တုန့်ပြန်မှုမျိုး မလုပ်နိုင်ဘူးဆိုရင်တောင် အသားထဲက လောက်ထွက်တဲ့ ကျော်မိုးထွန်းလို ကောင်မျိုးကိုတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ လေးစားသမှုနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးများကို တိုက်တွန်းလိုသည်မှာ ကုလသမဂ္ဂအစည်းအဝေးများမှာ မြန်မာပြည်ကို ကိုယ်စားပြုခြင်းမရှိဘဲ တက်ရောက်ပြီး မြန်မာ့အရေး နဲ့ ပတ်သက်လို့ မဟုတ်မမှန်တွေ ပြောဆိုနေတဲ့ ကျော်မိုးထွန်း ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးရေး တိုက်တွန်းတောင်းဆိုပေးနိုင်ပါရန်နဲ့ အစိုးရတာဝန်ရိသူများအပိုင်းကလည်း လွှတ်တော်ရဲ့ အသံကို အလေးထားပြီး ကျော်မိုးထွန်းကို အမှုဖွင့်အရေးထားသည့် ပုဒ်မများအတိုင်း တိကျစွာ အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ရေး အထူးအလေးထား လုပ်ဆောင်ပေးရန် တောင်းဆိုလိုပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံအနေနဲ့က အစဉ်ဖြင့် သဘောထားပျော့ပြောင်းတာက ကောင်းမွန်တဲ့ ရပ်တည်ချက်ဖြစ်သော်လည်း အစဉ်သဖြင့် မြန်မာ့အရေးနဲ့ ပတ်သက်လို့ မှားယွင်းသော အချက်အလက်များကိုသာ ကိုးကားပြီး မဟုတ်မမှန် ဖန်တီးပြောဆို ဖိအားပေးနေမှုများကိုတော့ ထိရောက်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ရန် လိုအပ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ကို ပိတ်စို့ထားပြီး မြန်မာပြည်နဲ့ ပတ်သက်လို့ မလျှော်ကန်သော ပြောဆိုမှုများ အစဉ်သဖြင့် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအတွက် ငွေကြေးကုန်ကျမှုတွေဟာ အဓိပ္ပာယ်မဲ့လွန်းပါတယ်။

ဒါကြောင့် မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ် အပါအဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ မြန်မာပြည်ကို လက်ညှိုးထိုးရောင်းစားပြီး ကိုယ်ကျိုးရှာနေသူများအားလုံးကို ပြတ်ပြတ်သားသား တုန့်ပြန်ပေးဖို့ လွှတ်တော်နှင့် အစိုးရကို လေးလေးနက်နက် တိုက်တွန်းပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #Myanmar

မူရင်းသတင်း — Myanmar National Post