
ရွေးကောက်ပွဲအပြီး အကြမ်းဖက်နှိမ်နင်းရေး တိုးမြှင့်ဆောင်ရွက်မှုတွေ ရှိလာသလို လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတိုက်များ ပေါက်ကွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက် သေဆုံး၊ ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အကြမ်းဖက်သမားလှုပ်ရှားမှုရှိသော်လည်း သတင်းထိန်ချန်ပြီး ဒေသတည်ငြိမ်အေးချမ်းပါတယ်လို့ အကြီးအကဲများကို ဟုတ်တိုင်းမှန်စွာ မတင်ပြဘဲ လိမ်ညာဖုံးကွယ်ထားတာတွေလည်း ရှိပါတယ်။
၂၀၂၆ခုနှစ်၊ မေလ ၃၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာရှိတဲ့ TNLA အကြမ်းဖက်အဖွဲ့ရဲ့ ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် သေဆုံးသူ ၄၃ ဦးနဲ့ ဒဏ်ရာရသူ ၇၅ ဦးအထိ ရှိခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ကျောက်တော်မြို့နယ်မှာ ရှိတဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ခဲယမ်းတိုက် ပေါက်ကွဲမှုဖြစ်စဉ်လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေကတော့ အတိအကျ သတင်းထွက်လာခြင်း မရှိပါဘူး။
ဒီရက်ပိုင်းထဲမှာပဲ KIA အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ရာ ပန်ဝါဒေသ လဂွေကျေးရွာ မှာ ယမ်းတိုက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ပြည်ဖျက်မီဒီယာတွေကတော့ လုပ်ငန်းရှင်တစ်ဦးရဲ့ ယမ်းတိုက်အဖြစ် ဖော်ပြကြပါတယ်။ ပြည်တွင်းသတင်းများအရတော့ ဒီယမ်းတိုက်ဟာ KIA အကြမ်းဖက်အဖွဲ့ရဲ့ ယမ်းတိုက်ပဲ ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ ရုပ်အလောင်း ၇ဦး အထိ တွေ့ရှိထားပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ကချင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ တရုတ်တွေရဲ့ မိုင်းရုံလို့ ဖော်ပြကြပါတယ်။ ပန်ဝါဒေသမှာ ရှိနေတဲ့ ယမ်းတိုက်ဟာ KIA ရဲ့ သဘောတူခွင့်ပြုချက်မရှိဘဲနဲ့တော့ တရုတ်လုပ်ငန်းရှင်များက လာရောက်လုပ်ဆောင်လို့ မရပါဘူး။
KIA အကြမ်းဖက်အဖွဲ့ က တရုတ်လုပ်ငန်းရှင်များနဲ့ မြေရှားသတ္တု တရားမဝင် တူးဖော်ထုတ်လုပ်နေတာမျိုးလည်း ရှိတော့ KIA နဲ့ တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ယမ်းတိုက် (မိုင်းရုံ) လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတိုက်တွေ ပေါက်ကွဲပျက်စီးတဲ့ ဖြစ်စဉ်တွေအပေါ်မှာ စာရေးသူအမြင်ကတော့ ဒါတွေက တိုင်းဖျက်ပြည်ဖျက် လုပ်မယ့် လက်နက်ခဲယမ်းတွေ ပျက်စီး ဆုံးရှုံးခြင်းဖြစ်တဲ့ အတွက် ပြည်သူတွေ ဘေးအန္တရာယ် ကင်းစေကြောင်း လောကဓမ္မ အစီအရင်တွေလို့ပဲ ဆိုချင်ပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်တွေမှာ ထိခိုက် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက်လည်း များစွာ စိတ်မကောင်း ဖြစ်မိပါတယ်။
တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်အဖွဲ့များ ရှိနေခြင်းဟာ ပြည်သူများအတွက် အချိန်မရွေး အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ အသိတရားကိုလည်း ရရှိစေပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး တာဝန်ယူဆောင်ရွက်နေရတဲ့ တပ်မတော်အနေနဲ့ကလည်း အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ရာမှာ ငမိုက်သားများကို ရှာဖွေရှင်းလင်းခြင်းထက် အကြမ်းဖက်သမား ငမိုက်သားတွေရဲ့ လက်နက်ခဲယမ်းတိုက်များ၊ စားနပ်ရိက္ခာ ထောက်ပံ့ပိုးဆောင်ရာလမ်းကြောင်းများကို တိတိကျကျ နှိမ်နင်းနိုင်မယ်ဆိုရင် အကြမ်းဖက်သမားများ ဥပဒေဘောင်အတွင်း ဝင်ရောက်လာနိုင်ခြေများပါတယ်။ လက်နက်ခဲယမ်းမရှိ၊ စားနပ်ရိက္ခာမရှိတော့ဘူးဆိုရင်တော့ ငမိုက်သားများလည်း အငတ်ခံပြီး သေချင်သေ၊ မသေချင်ရင် ဥပဒေဘောင်အတွင်းဝင်လာကြမှာပဲ ဖြစ်ပါတယ်။
မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းစေချင်ပါတယ်။ တည်ငြိမ်အေးချမ်းဖို့ ဆိုရာမှာ အကြမ်းဖက်အဖွဲ့တွေ ပပျောက်မှ ဖြစ်ပါလိမ့်မယ်။ TNLA အကြမ်းဖက်အဖွဲ့ကတော့ နောင်ချို၊ ကျောက်မဲ တို့မှာ အခြေမလှ ဆုတ်ခွါထွက်ပြေးရ၊ ယမ်းတိုက် ပေါက်ကွဲပျက်စီးပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရောက်လာတယ်။ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့က တွေ့ဆုံဆွေးနွေးပေးပါတယ်။ TNLA အကြမ်းဖက်အဖွဲ့ကတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရိုးရိုးသားသား ချည်းကပ်လာခြင်းလို့ မှတ်ယူလို့ မရပါဘူး။ အဘက်ဘက်က ဆုံးရှုံးပြီး နောက်ကွယ်က ကူညီပံ့ပိုးမှုတွေလည်း လျော့ကျလာခြင်းကြောင့်သာ စားပွဲဝိုင်းကို ရောက်လာခြင်း သဘောပါ။
ထိုးနည်းတူစွာပါပဲ။ လက်နက်ကိုင်အဖွဲ့အစည်းအများစုဟာ မရိုးသားကြပါဘူး။ သူတို့တွေသာ ရိုးသားမှုရှိမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေမှာ မဟုတ်ပါဘူး။ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုသလို တစ်ဖက်မှာ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ဟန်ပြပြီး တစ်ဖက်မှာတော့ သူတို့ကို ကူညီပံ့ပိုးပေးမယ့် တိုင်းပြည်တွေရဲ့ အကူအညီကို ရတာနဲ့ အဖျက်အမှောင့် လုပ်ကြတော့တာပါပဲ။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ဒီ ၅နှစ်အတွင်း ငြိမ်းချမ်းရေးကို ရအောင်လုပ်မယ်လို့ ပြောဆိုထားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ သူတွေလည်း တိုင်းရင်းသားလက်နက်ကိုင်ဆိုသူတွေနဲ့ ကာလရှည်ကြာ ထိတွေ့ဆက်ဆံခဲ့ကြပြီးဖြစ်လို့ ဒီလူတွေရဲ့ ရိုးသားမှု၊ မရိုးသားမှု ကို မိမိတို့ရဲ့ ဆင်ခြင်တုံတရားနဲ့ အကဲဖြတ်ပေးကြဖို့၊ မရိုးသားတဲ့အဖွဲ့အစည်းတွေကို သတ်သတ်မှတ်မှတ် စာရင်းပြုစုပေးထားကြဖို့ပါ။
မိမိတို့သက်တမ်းတလျှောက် ငြိမ်းချမ်းရေးလုပ်လာခဲ့ကြတယ်။ မိမိတို့သာ အသက်ဆုံးသွားတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် က ပန်းတိုင်ကို မရောက်ဘူးဆိုရင် ပြည်သူ့ဘဏ္ဍာတွေကုန်၊ အချိန်တွေကုန်၊ တိုင်းပြည်အတွက် ကောင်းကျိုးမဖြစ်ဘူးဆိုရင် သမိုင်းမှာလည်း မျက်နှာကောင်းမရ ဖြစ်ပါလိမ့်မယ်။ ဒါလေးတွေကိုတော့ သတိပြုစေချင်ပါတယ်။
တိုင်းပြည်ရဲ့ အခြေအနေက တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ တိုးတက်အောင်လည်း မလုပ်နိုင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်နှိမ်နင်းရေးလည်း ပြတ်ပြတ်သားသားမလုပ်တော့ ပြည်သူတွေမှာ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို တာဝန်နှင့် လုပ်ပိုင်ခွင့်ရှိသူများ မှန်ကန်စွာ သုံးသပ်မိမယ်ဆိုရင် မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေမှာ လစ်ဟာမှု၊ အားနည်းချက်တွေကို ပြင်ဆင်ပြီး တိုင်းပြည်ရဲ့ အနာဂတ်ခရီးဖြောင့်ဖြူးအောင် ဖန်တီးလုပ်ဆောင်ပေးနိုင်ခဲ့ဖို့ကို မျှော်လင့်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar