Eleven Media Group

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုများဖြစ်သဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အသိပညာနှင့်အတွေ့အကြုံများမျှဝေခြင်းတို့ဖြင့် ကုသမှုဆိုင်ရာစွမ်းရည်များ မြှင့်တင်ရန် လိုအပ်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုများဖြစ်သဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အသိပညာနှင့် အတွေ့အကြုံများ မျှဝေခြင်းတို့ဖြင့် ကုသမှုဆိုင်ရာ စွမ်းရည်များ မြှင့်တင်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က မြန်မာနိုင်ငံ အဆုတ်နှင့်ရင်ခေါင်း ပညာရပ်ဆိုင်ရာ ညီလာခံ(၂၀၂၆)ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ကျင်းပပြီး ညီလာခံကို “အဆုတ်ကျန်းမာရေး ပိုမိုကောင်းမွန်ဖို့ အတူတကွ လက်တွဲဆောင်ရွက်စို့” (Together for Better Lung Health) ဆောင်ပုဒ်ဖြင့် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစိန်ခေါ် မှုများဖြစ်သဖြင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု၊ အသိပညာနှင့် အတွေ့အကြုံများ မျှဝေခြင်းတို့ဖြင့် ကုသမှုဆိုင်ရာစွမ်းရည်များ မြှင့်တင်ရန်လိုအပ်ကြောင်း၊ အဆုတ်နှင့်ရင်ခေါင်း ခွဲစိတ်ဆေးပညာဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လက်ရှိတွင်မဟာဘွဲ့နှင့်ပါရဂူဘွဲ့ သင်တန်းသား စုစုပေါင်း ၃၀ တက်ရောက်သင်ယူ လျက်ရှိကြောင်း၊ ပြည်သူများအတွက် ထိရောက်ပြီး လိုအပ်ချက်နှင့် ကိုက်ညီသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရေး အမျိုးသားကျန်းမာရေးစနစ် ခိုင်မာအားကောင်းစေရန်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ စက်ကိရိယာများနှင့် ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်ရေးကို ဆက်လက်အားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဆေးဘက်ဆိုင်ရာ သုတေသနနှင့် ဆေးပညာရှင်များအကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများ၊ သုတေသနလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံ အဆုတ်နှင့်ရင်ခေါင်းပညာရပ်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာထက်မြက်က ညီလာခံအကြိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံအဆုတ်နှင့် ရင်ခေါင်းပညာရပ်ဆိုင်ရာအဖွဲ့ဥက္ကဋ္ဌတို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပညာရပ်ဆိုင်ရာ ပိုစတာပြခန်းနှင့် ဆေးဘက်ဆိုင်ရာပြခန်းများကို ကြည့်ရှုအားပေးသည်။

အဆိုပါညီလာခံသို့ နိုင်ငံတကာမှ အဆုတ်နှင့် ရင်ခေါင်းဆေးပညာရှင်များ၊ မြန်မာနိုင်ငံမှအဆုတ်နှင့် ရင်ခေါင်းဆေးပညာရှင်များနှင့် မျိုးဆက်သစ် ဆေးပညာရှင်များ၊ စင်ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့မှ ဆေးပညာရှင်များလည်း တက်ရောက်ကြပြီး အဆုတ်နှင့် ရင်ခေါင်းဆေးပညာရပ်နယ်ပယ်၏ တိုးတက်ဖြစ်ထွန်းမှုများ၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသရေးကဏ္ဍတို့တွင် စွမ်းဆောင်နိုင်မှုများကို ဆွေးနွေးကြမည်ဖြစ်သည်။

ထို့ပြင် ညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်တွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၊ အဆုတ်နှင့်ရင်ခေါင်းခွဲစိတ် ကုပညာဌာန၌ ကျင်းပခဲ့ရာ သင်တန်းသား ၅၀ တက်ရောက်၍ စာတွေ့လက်တွေ့သင်ယူခဲ့ကြသည်။

ယခုကဲ့သို့ ဆေးပညာရပ်ဆိုင်ရာညီလာခံများကို ကျင်းပပြုလုပ်ခြင်းဖြင့် နိုင်ငံတကာဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆေးပညာရှင်များအကြားအတွေ့အကြုံနှင့် သုတေသနဖလှယ်မှုများမှတစ်ဆင့် ဆေးပညာရှင်များ၏စွမ်းရည်မြှင့်တင်နိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ၏ အရည်အသွေးနှင့်ထိရောက်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေနိုင်မည်ဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group