
ရန်ကုန်မြို့ပြဧရိယာ တိုးချဲ့လာမှုကြောင့် ၂၀၂၁ ခုနှစ်မှစ၍ သစ်တောပြုန်းတီမှုနှုန်းမှာ ယခင်နှစ်များထက် သုံးဆခန့် ပိုမိုမြန်ဆန်လာကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ပြောကြားသည်။
UNDP က ထုတ်ပြန်ခဲ့သည့် "တိုးချဲ့လာသည့် ရန်ကုန်မြို့နှင့်အတူ ပျောက်ကွယ်လာရသော သစ်တောများ" ဆောင်းပါးတွင် ယင်းအချက်ကို ထည့်သွင်းရေးသားခဲ့ခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်မှစ၍ ရန်ကုန်မြို့ မြောက်ဘက်အစွန်အဖျားတစ်လျှောက်ရှိ သစ်တောများသည် အရှိန်အဟုန်ဖြင့် ပျောက်ကွယ်လာနေကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ဂြိုဟ်တုအချက်အလက် ဆန်းစစ်ချက်အရ လက်ရှိ နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုနှုန်းသည် ယခင်ဆယ်စုနှစ် နှစ်ခုတာကာလပတ်လုံးအတွင်း ကြုံတွေ့ခဲ့ရသည်ထက်ပင် သုံးဆ ပိုမြန်လာနေကြောင်း UNDP က ဆိုသည်။
လှည်းကူး၊ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်များတွင် စိမ်းစိုဖုံးလွှမ်းခဲ့သည့် သစ်တောများ၏ ၈၇ ရာခိုင်နှုန်းသည် ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ဆုံးရှုံးပျောက်ကွယ်သွားခဲ့ရပြီဖြစ်ကြောင်း UNDP ၏ ဆောင်းပါးထဲတွင် ရေးသားထားသည်။
ပျောက်ကွယ်သွားသည့် သစ်တောဧရိယာမှာ ၄၆၄ စတုရန်းကီလိုမီတာရှိပြီး အကြမ်းဖျင်းအားဖြင့် ဘောလုံးကွင်းပေါင်း ၆၅၀၀၀ ခန့်၏ အကျယ်အဝန်းနှင့်ပင် ညီမျှကြောင်း UNDP က ထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် လှည်းကူးမြို့နယ်တစ်ခုတည်းသည်ပင်လျှင် ၎င်း၏သစ်တော ၉၀ ရာခိုင်နှုန်းကျော်ကို ဆုံးရှုံးခဲ့ရကြောင်း UNDP က ဆိုသည်။
ယခုအခါ ထိုသစ်ပင်များ အများဆုံး ဆုံးရှုံးခဲ့သည့် နေရာများသည် ရန်ကုန်တိုင်း၏ အပူဆုံးနေရာများအတွင်းတွင် ပါဝင်လာပြီး လေထုအပူချိန်မှာလည်း အရင်ကထက် ၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့ကြောင်း UNDP ၏ ဆောင်းပါးထဲတွင် ဖော်ပြထားသည်။
သစ်တောများသည် ဖြစ်ရပ်တစ်ခုကြောင့်သာ ပျောက်ကွယ်သွားခဲ့ရခြင်း မဟုတ်ဘဲ အိမ်ထောင်စုများ၏ လိုအပ်ချက်များ၊ တိုးချဲ့လာသည့် လူနေအခြေချရာနေရာများ၊ သစ်တောသယံဇာတများကို စီးပွားဖြစ်ထုတ်လုပ်ခြင်းများနှင့် စိုက်ပျိုးမြေအတွက် မြေယာရှင်းလင်းခြင်းများကဲ့သို့သော ဖိအားများ ပေါင်းစပ်ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်ကြောင်း UNDP က ထောက်ပြထားသည်။