
လီဆူ နှင့် လော်ဝေါ် လူမျိုးအမည်ကို ကချင်ပြည်နယ်လွှတ်တော်တွင် ယခုလ အောက်တိုဘာ ၇ ရက် က အတည်ပြုခဲ့သည်။
လွှတ်တော်တွင် လူမျိုးအမည်မှန်ကို အတည်ပြုနိုင်ရေး ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ခံယူကာ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လော်ဝေါ် နှင့် လီဆူ တိုင်းရင်းသားအမည်မှန်ကို တင်သွင်းရာမှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ်ယူရာတွင် အားလုံးအတည်ပြုခဲ့ကြခြင်း ဖြစ်သည်။
လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးလီပေါ်ရဲကလည်း ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာကနေ လီဆူအမည်မှန်ကို လွှတ်တော်မှာ ထောက်ခံအတည်ပြုခဲ့ကြောင်း နှင့် ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်ပေးပို့အတည်ပြုပြီး သမ္မတက ပြန်တမ်းထုတ်ပြန်နိုင်အောင် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း ရေးသားထားသည်။
လီဆူ နှင့် လော်ဝေါ် တိုင်းရင်းသားတွေ၏ သက်ဆိုင်ရာ ရိုးရာစာပေယဉ်ကျေးမှုအဖွဲ့တွေက ညှိနှိုင်းသဘော တူထားသည့် ဆုံးဖြတ်ချက်တွေကို ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်က ဖွဲ့စည်းထားသည့် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
ကချင်လူမျိုးအုပ်စုထဲမှာ ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါးဆိုင်ပြီး မျိုးနွှယ် ၆ မျိုးတို့ သတ်မှတ်ထားပြီး အစိုးရဌာနနှင့် သန်းခေါင်စာရင်းဌာနများတွင် အမည်နာမ အမျိုးရှိနေခြင်းများက အငြင်းပွားမှုများ ဖြစ်ခဲ့ကြသည်။