Myanmar National Post

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံပေါင်လျော့ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများ လျှော့ချလျက်ရှိ၊ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး










နေပြည်တော်၊ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်မှာ တမံ အလျား ပေ ၂၅၀၊ အနံ ၁၀ ပေခန့်မှ မြေသား ၂၇ ပေ ခန့်အထိ လျော့ကျခဲ့သည့်အတွက် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများလျှော့ချလျက်ရှိပြီး တမံအနီးရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မမြရေလှောင်တမံသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှ စတင်၍ အလျား ၅၀ ပေခန့်၊ အနံ ၄ ပေခွဲခန့်၊ မြေသား ၈ လက်မခန့် နိမ့်ကျခဲ့သည့်အတွက် အဆိုပါနေရာအား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်စဉ် အောက်တိုဘာ ၉ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်တွင် တမံပေတိုင် ၉၉၀၀ နှင့် ၁၀၀၀၀ အကြား၊ ဆည်ပေါင်ကားလမ်း၏ အလျား ပေ ၂၀၀ ခန့်၊ အကျယ် ၂၄ ပေခန့်မှ ရေလှောင်ကန်ဘက်ခြမ်း ၆ ပေခန့်မှာ မူလအတိုင်းတည်ရှိပြီး အပြင်ဘက်ခြမ်း ၁၈ ပေသည် ၃ ပေခွဲခန့် ထပ်မံနိမ့်ကျခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် ၎င်းနေရာ မှပင် အလျား ပေ ၂၅၀၊ အနံ ၁၀ ပေခန့်မှ ထပ်မံ၍ ယခင်နိမ့်ကျခဲ့သည့် ပမာဏအပါအဝင် ၂၇ ပေခန့် ထပ်မံနိမ့်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေအား နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းတွင် တမံရှိ ရေ ၃၁၂ ဒသမ ၇၀ ပေသာ ကျန်ရှိတော့သဖြင့် ၁ ပေ ၈ လက်မခန့် လျော့နည်းသွားကြောင်း သိရှိရသည်။

ထို့ပြင် ရေလှောင်တမံ ဆင်ခြေလျှောနိမ့်ကျမှု ဖြစ်ပွားသည့်နေရာအနီးနှင့် ဆည်ရေဝင်ရောက်နိုင်သည့် မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်စု၊ ကျေးရွာ ၃၀၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်စု၊ ကျေးရွာ ၂၀ စုစုပေါင်း ကျေးရွာအုပ်စု ၁၂ စုရှိ ကျေးရွာ ၅၀ မှ ဒေသခံ ပြည်သူများအား ယာယီရေဘေးကူညီကယ်ဆယ် ရေးစခန်းများ၊ ကုန်းမြင့်နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ 


#News #Myanmar

မူရင်းသတင်း — Myanmar National Post