

အောက်တိုဘာ - ၁၂ ( တနင်္လာနေ့ )
အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်မှာ သေဒဏ်ပေးဖို့ ကြိုးပမ်းမှု မအောင်မြင်ဘဲ အသက်ရှင် လွတ်မြောက်လာခဲ့တဲ့ သေဒဏ်ကျခံရသူ ခရစ္စတာ ပိုက် ဟာ ဆေးရုံကနေ ဆင်းခွင့်ရသွားပါပြီ။ အဆိပ်ထိုးသွင်းပြီး သေဒဏ်ပေးဖို့ လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ လမ်းလျှောက်နိုင်၊ စကားပြောနိုင်လာပြီဖြစ်ပြီး စနေနေ့ကတည်းက သူမကို အကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီလို့ ရှေ့နေတွေက ပြောပါတယ်။
အသက် ၅၀ အရွယ် ပိုက် ဟာ ၁၉၉၅ ခုနှစ်တုန်းက နော့ဗီးလ်မြို့မှာ ကျောင်းသားချင်းဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုလင်း စလမ်မာ ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့မှာ လုပ်ဆောင်ဖို့ရာ ချိန်းဆိုထားတဲ့ သူမရဲ့ သေဒဏ်စီရင်မှုဟာ တန်နက်ဆီပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်အတွင်း အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
ပင်တိုဘာဘီတယ် ဆေးရည် နှစ်လုံးထိုးသွင်းခဲ့ပေမဲ့ အဆိုပါ အကျဉ်းသူဟာ သတိမေ့သွားခြင်း မရှိဘဲ လက်မှာ နာကျင်နေကြောင်း တိုင်ကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမ သတိမေ့သွားခဲ့ပေမဲ့ သေဒဏ်စတင်ပြီး မိနစ် ၉၀ နီးပါးအထိ အသက်ကို ပြင်းပြင်းရှူနေတာ၊ ဟောက်နေတာတွေကို ကြားနေရဆဲဖြစ်ပြီး နှလုံးခုန်နေဆဲဖြစ်တာကြောင့် လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မီဒီယာ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ အမျိုးသမီးဟာ အစပိုင်းမှာ သတိမေ့မြောနေပြီး အသက်ရှူစက် တပ်ထားခဲ့ရပါတယ်။ ဂါးဒီးယန်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သူမကို တနင်္လာနေ့မှာ ဦးနှောက်သေဆုံးသွားပြီလို့ ကြေညာခဲ့ပေမဲ့ ကြာသပတေးနေ့မှာတော့ ရုတ်တရက် သတိပြန်ရလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမရဲ့ ရှေ့နေတစ်ဦးက သူမဟာ "ခြေလက်လှုပ်ရှားပြီး လမ်းလျှောက်နိုင်နေပြီ" ဖြစ်ပေမဲ့ "အသိစိတ်ကတော့ နည်းနည်းမှိုင်းနေတုန်းပဲ" လို့ ပြောကြားခဲ့ပါတယ်။
ခရစ္စတာ ပိုက် ဘာကြောင့် အသက်ရှင်လွတ်မြောက်လာခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က တရားဝင် ရှင်းလင်းပြောကြားတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ The New York Times ရဲ့ ဖော်ပြချက်အရ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ကိုးကားပြီး ဖော်ပြထားတာကတော့ ဆေးထိုးသွင်းတဲ့နေရာတွေကနေ အဆိပ်ဆေးတွေဟာ သွေးကြောထဲကို ဝင်ရောက်မသွားဘဲ သွေးကြောပတ်လည်က တစ်ရှူးတွေထဲကို ယိုစိမ့်ထွက်သွားခဲ့တာကြောင့် သူမ အသက်ရှင်လွတ်မြောက်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးရဲ့ ရှေ့နေတွေကလည်း သူမရဲ့ ကျန်းမာရေး ရာဇဝင်နဲ့ သွေးကြောသေးငယ်မှုတွေကြောင့် မလိုအပ်ဘဲ နာကျင်ကိုက်ခဲမှုတွေ ခံစားရနိုင်ခြေ ပိုများတယ်လို့ အစောပိုင်းကတည်းက သတိပေးပြောဆိုထားခဲ့ပါတယ်။
စနေနေ့မှာတော့ ပိုက် ဟာ သူမ နှစ်ပေါင်း ၃၀ တိုင်တိုင် နေထိုင်ခဲ့ရတဲ့ ဒီဘိုရာ ကေ ဂျွန်ဆင် နာလံထစင်တာ ဆေးဘက်ဆိုင်ရာ ပြန်လည်ထူထောင်ရေး စင်တာကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ "သူမအနေနဲ့ ဒီလို ထူးခြားဆန်းပြားတဲ့ အခြေအနေတွေကြားထဲမှာ သူမကို အကောင်းဆုံး စောင့်ရှောက်ပေးခဲ့ကြတဲ့ ရှေးဦးသူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့သားတွေကို ကျေးဇူးတင်ရှိပါတယ်" လို့ သူမရဲ့ ရှေ့နေတွေက ပြောကြားခဲ့ပြီး သူမဟာ "အကျဉ်းထောင်တွင်းမှာ ဆေးကုသမှုတွေကို ဆက်လက် ခံယူနေဆဲဖြစ်ပါတယ်" လို့လည်း ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
REF: RT
#News #Myanmar