Myanmar National Post

ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်၊ နိုင်ငံတော်၏ ကျန်းမာရေးရည်မှန်းချက်များနှင့်အညီ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ စောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်းမှာကြား










ရန်ကုန်၊ အောက်တိုဘာ ၁၂

ကျန်းမာရေးဝန်ကြီးဌာန၏ ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်း ဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြိုရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ရာ မိမိတို၏ပညာများကို အသုံးချ၍ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် စေတနာထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတက အဓိကထားပြောကြားခဲ့သည်များမှာ-

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒနှင့်အညီ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် ရည်မှန်းချက်ထားပြီး မြိုပြနှင့်ကျေးလက် မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း။

မျှော်မှန်းသက်တမ်း တိုးမြှင့်ရေး၊ လက်ရှိ မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ၆၉ နှစ်မှ ၂၀၃၀ ပြည့်နှစ်တွင် နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။

ဘဏ္ဍာငွေ တိုးမြှင့်ချထားပေးမှု၊ ကျန်းမာရေးကဏ္ဍအတွက် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၁.၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂.၈ ရာခိုင်နှုန်း (ကျပ်သန်း ၁,၃၉၁ ဘီလီယံကျော်) အထိ တိုးမြှင့်ပေးထားကြောင်း။

နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ် ပြောင်းလဲထားမှု၊ Naypyitaw State Academy တွင် ဆေးသိပ္ပံပညာ မဟာဌာနကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိ ဆေးတက္ကသိုလ် (၆) ခုနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ် (၁၁) ခု၊ စုစုပေါင်း (၁၇) ခုရှိလာကာ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ စုစည်းချိတ်ဆက် သင်ကြားရေးစနစ်သို ပြောင်းလဲပေးထားကြောင်း။

ဆေးရုံများနှင့် ဆေးပစ္စည်းများ အဆင့်မြှင့်တင်ပေးမှု၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံများအဖြစ် အဆင့်မြှင့်ပေးခြင်း၊ အခြေခံမရှိမဖြစ် ဆေးဝါးများ၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းသုံး ဆေးပစ္စည်းများနှင့် ခေတ်မီစက်ကိရိယာများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိကြောင်း။

လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းမှု၊ ပြည်သူ့ဆေးရုံများတွင် ဆရာဝန်လစ်လပ်နေရာများ မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလ ပြီးမြောက်သူများကို တိုက်ရိုက်ခန့်အပ်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာလည်း သစ်လွင်ဆရာဝန် (၁,၂၇၆) ဦးနှင့် သွား/ခံတွင်းဆရာဝန် (၂၃) ဦးတိုကို ခန့်အပ်ပေးခဲ့ပြီးဖြစ်ကြောင်း။

မိသားစုစိတ်ဓာတ်ဖြင့် စောင့်ရှောက်ရန်၊ လူနာများကို ကုသရာတွင် စေတနာ၊ ဂရုဏာ ရှေ့ထား၍ မိမိတို၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသပေးရန်နှင့် ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း။

ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး၊ ရောဂါဖြစ်မှ ကုသပေးရုံတင်မဟုတ်ဘဲ ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးနှင့် ကျောင်းကျန်းမာရေး/အာဟာရဖွံဖြိုးရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ ကလေးသူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးခြင်း၊ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ကြိုတင်ကာကွယ်ခြင်းတိုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း။

ပြည်သူများ၏ စရိတ်စက လျှော့ချပေးရေး၊ ပြည်သူ့ဆေးရုံများတွင် လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲငွေ လျော့နည်းစေရေးနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်ပေးကြရန်တိုက်တွန်းကြောင်း။

စဉ်ဆက်မပြတ် လေ့လာသင်ယူရန်၊ ဆေးပညာရပ်များ အမြဲတိုးတက်ပြောင်းလဲနေသဖြင့် ဘဝတစ်လျှောက်လုံး စာဖတ်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် မဟာဘွဲ၊ ပါရဂူဘွဲများ ဆက်လက်ဆည်းပူးရန် အားပေးကြောင်း ။

လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာစေရေး၊  မိမိတို၏ ပညာရပ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသော လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းကြောင်း။

ပြည်သူ့ကျန်းမာရေးနှင့် မိသားစုအနာဂတ်၊ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်း ဖြစ်သဖြင့် မိမိတို၏ ပညာနှင့် စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံး အသုံးချကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post