Myanmar National Post

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင် ဖလမ်းမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံ၊ ဆူရ်ဘုန်လေဆိပ်အား သွားရောက်ကြည့်ရှုစစ်ဆေး







ဖလမ်း၊ အောက်တိုဘာ ၁၂

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ အောက်တိုဘာ ၁၂ ရက်တွင် ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဖလမ်းမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေး‌နွေးပွဲသို့တက်ရောက်ပြီး ဆူရ်ဘုန်လေဆိပ်အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်အဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် “ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တာဝန်သိစိတ်ဓာတ်ဖြင့် လုပ်သင့်လုပ်ထိုက်သည်များဆောင်ရွက်ရန်၊ ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များသည် အစိုးရနှင့်ပြည်သူကြားအရေးကြီးသည့် ပေါင်းကူးတံတားဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွက် စိုက်ပျိုး/မွေးမြူရေးဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ ကျန်းမာကောင်းမွန်အောင်နေထိုင်စားသောက်ရန်လိုကြောင်း၊ ကုသခြင်းထက်ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိကျန်းမာရေးအားစောင့်ရှောက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က  အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား နိုင်ငံတော်မှအရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စေတနာထားဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများမှ ထွက်ရှိသည့်ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ယနေ့ပေးအပ်သည့်မျိုးစေ့များကို မိမိရပ်ကွက်/ကျေးရွာတွင် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ဝက်သက်/ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က စိုက်ပျိုး၊မွေးမြူရေးနှင့်ပတ်သက်၍လည်းကောင်း  ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များက မိမိတို့ရပ်ကွက်/ကျေးရွာအလိုက် စိုက်ပျိုးရေး၊မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ချင်းပြည်နယ်အစိုးရအဖွဲ့မှဆောင်ရွက်ပေးနိုင်မည့် အစီအမံများနှင့်ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ဒေသခံများအား ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ကွန်ပေါင်းဓာတ်မြေဩဇာထုပ်(၇၀‌)၊ ကော်ဖီမျိုးစေ့(၅)ကီလို (၁၀)အိတ်၊ ဟင်းသီးဟင်းရွက်မျိုးစေ့ (၂၃၆)ထုပ်၊ ဆီထွက်ပဲပုပ်တစ်တင်း၊ နှမ်းမျိုးကောင်းမျိုးသန့်(၈)ပြည် ပေးအပ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့်အတူ ဆူရ်ဘုန်လေဆိပ်သို့သွားရောက်ကာ အကြမ်းဖက်ဖြစ်စဉ်များကြောင့် လေယာဥ်ကွင်းအဆောက်အဦများ တစ်စိတ်တစ်ပိုင်းပျက်စီးနေမှုအခြေအနေများကို လည်းကောင်း၊ လေယာဉ်ပြေးလမ်းအချက်ပြမီးများ ဖျက်ဆီးခံရမှုအခြေအနေများကို လည်းကောင်း၊ လေကြောင်းထိန်းစက်ပစ္စည်းပျက်စီးဆုံးမှုအခြေအနေများကိုလည်းကောင်းကြည့်ရှုကာ ထပ်မံပျက်စီးဆုံးရှုံးမှုမရှိစေရေးကြပ်မတ်ထိန်းသိမ်းရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post