Myanmar National Post

ယုံကြည်မှုကိုတန်ဖိုးထားပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့်စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံးအသုံးချကြရန် ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံတော်သမ္မတ မှာကြား










နေပြည်တော် အောက်တိုဘာ ၁၂

ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာ သက်သက်ဇင်၊ ဦးမင်းနောင်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အငြိမ်းစားကျန်းမာရေးဝန်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆေးကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပပြုလုပ်မည့် မြန်မာကွန်ဗင်းရှင်းစင်တာသို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းမောင်မယ်များက “ကျန်းမာစေသောလက်” တေးသရုပ်ဖော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ကျန်းမာရေးဝန်ကြီးဌာနအတွက် အားသစ်လောင်းပေးသည့်နေ့ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူများအတွက်လည်း မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ပညာသင်ကြားမှုအဆင့်တစ်ခုပြီးဆုံးပြီး ဆည်းပူးလေ့လာခဲ့သည့်ပညာရပ်များကို ပြည်သူ့အကျိုးအတွက်လက်တွေ့အသုံးချမည့် ဆရာဝန်ဘဝ၊ နိုင်ငံ့ဝန်ထမ်းဘဝကို တရားဝင်စတင်သည့် အရေးကြီးသည့်မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း။

ယနေ့မောင်တို့မယ်တို့ လက်ခံရရှိမည့်ခန့်အပ်လွှာသည် အလုပ်တစ်ခုရရှိကြောင်းအတည်ပြုသည့် စာရွက်စာတမ်းတစ်ခုသာမဟုတ်ဘဲ နိုင်ငံတော်နှင့်ပြည်သူလူထုက မိမိတို့အပေါ်ယုံကြည်အပ်နှံလိုက်သော တာဝန်ကိုကိုယ်စားပြုသည့် အမှတ်အသားတစ်ခုလည်းဖြစ်ကြောင်း၊ အဆိုပါယုံကြည်မှုကိုတန်ဖိုးထားပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့်စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံးအသုံးချကြရန်တိုက်တွန်းလိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့နေနိုင်ရေးအတွက် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ”ဆိုသည့်မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အခြေခံကျသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုကိုတိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထား ကြပ်မတ်ဆောင်ရွက်ပေးနေကြောင်း။

ထို့အပြင် “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်”ဆိုသည့် အဓိကရည်မှန်းချက်ကို ပြည့်ဝစေရေးအလေးထားပြီး မြို့ပြနှင့်ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ မြန်မာပြည်သူလူထု၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းသက်တမ်းကို နှစ်၇၀ကျော် တိုးမြင့်လာစေရန်ရည်မှန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားသွန်ခွန်စိုက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးအသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်း အစိုးရအသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း ယခု ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ်သန်း ၁၃၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ပေးထားပြီး ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေများကို နှစ်စဉ်တိုးမြှင့်ချထားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီးတစ်ခုလုံး ပြည့်စုံကောင်းမွန်ရန်အတွက် ကျွမ်းကျင်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝနေရန် အလွန်အရေးကြီးကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးတွင် ပြည်သူလူထုအားလုံးလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလောက်အောင် တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် Naypyitaw State Academy ၌ ဆေးသိပ္ပံပညာမဟာဌာန (Faculty of Medicine)ကို ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ယခုအခါဆေးတက္ကသိုလ်(၆)ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်(၁၁)ခု၊ စုစုပေါင်းတက္ကသိုလ် (၁၇)ခုရှိလာပြီဖြစ်ကြောင်း။

ထို့အပြင် ဆေးပညာဆိုင်ရာသင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီအဖြစ် မျှော်မှန်းရလဒ်အခြေခံသည့် စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-professional Education)နှင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများတွင်လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံမှုရှိစေရေးအတွက် လူသားအရင်းအမြစ်များကို နှစ်စဉ်စီမံချက်ဖြင့် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ နောင်လာမည့် (၅)နှစ်၊ (၁၀)နှစ်နှင့် (၁၅)နှစ်အတွက် ရည်မှန်းချက်ထားပြီး ရေတို၊ ရေရှည်စီမံချက်များကိုလည်းရေးဆွဲစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်မှု၊ အုပ်ချုပ်မှု၊ အဆောက်အအုံနှင့် လိုအပ်သည့်ထောက်ပံ့ကြေးများကိုလည်း နိုင်ငံတော်အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အရေးကြီးသည့်အခြေခံအင်အားတစ်ရပ်ဖြစ်ကြောင်း၊ အလုပ်သင်ဆရာဝန်ကာလအောင်မြင်ပြီးမြောက်ပြီးနောက် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို တစ်တပ်တစ်အားဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၌ ယခုကဲ့သို့ အလုပ်ဝင်ရောက်လာကြသည်ကို အထူးဝမ်းမြောက်မိကြောင်း၊ နိုင်ငံတော်ကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အများပြည်သူလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆရာဝန်လစ်လပ်နေရာများ မြန်မြန်ဆန်ဆန်ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် အလုပ်သင်ဆရာဝန်ကာလပြီးမြောက်ခဲ့သည့် မောင်တို့မယ်တို့ကို တိုက်ရိုက်ခန့်အပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

၂၀၂၅ ခုနှစ် ဇူလိုင်လတွင်လည်း သစ်လွင်ဆရာဝန် ၁၂၇၆ ဦးနှင့် သစ်လွင်သွားနှင့်ခံတွင်း ဆရာဝန်(၂၃)ဦးတို့ကို ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ယခုအခါအဆိုပါဆရာဝန်များသည် တာဝန်ကျရာဒေသများတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိပြီး ဆေးပညာဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ဖြေဆိုရန်ပြင်ဆင်နေကြပြီဟု သိရှိရကြောင်း။

ထိုသို့ ကျန်းမာရေးလူ့စွမ်းအားစုများကို ဖြည့်ဆည်းပေးနိုင်ရေးနှင့်အတူ အရေအတွက်သာမက အရည်အချင်းနှင့် အဘက်ဘက်ကပြည့်စုံသည့် ဆေးပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများဖြစ်လာအောင်လည်း ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေးလူ့စွမ်းအားစုများကို သမားဂုဏ်နှင့်အညီ ဆေးပညာကျင့်ဝတ်များဖြင့် ပြည်သူလူထုကိုဦးထိပ်ထားပြီး ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ်မွေးထုတ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ပြီးဖြစ်သည့် မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် သက်ဆိုင်ရာနိုင်ငံ့ဝန်ထမ်းတက္ကသိုလ်အသီးသီးတို့တွင်လည်း လုပ်ငန်းခွင်အတွက် လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာနှင့်ခေါင်းဆောင်မှုဆိုင်ရာပညာရပ်များကို ဆက်လက်သင်ကြားလေ့လာသွားနိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လေ့လာသင်ယူရာတွင် ဇွဲရှိမှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှု၊ သည်းခံမှုနှင့် စည်းကမ်းသေဝပ်မှုစသည့် အရည်အချင်းကောင်းများကိုလည်း မွေးမြူသွားနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာပြီဖြစ်သည့်အတွက် မိမိ၏ ပညာရပ်ဆိုင်ရာကျင့်ဝတ်ကို ထိန်းသိမ်းခြင်းနှင့်အတူ ရိုးသားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စည်းကမ်းရှိမှုနှင့် အများပြည်သူအပေါ် လေးစားမှုတို့ကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိ၏လုပ်ဆောင်ချက်တစ်ခုချင်းစီသည် မိမိကိုယ်တိုင်၏ ဂုဏ်သိက္ခာသာမက ကျန်းမာရေးဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့်လည်းဆက်စပ်နေသည်ကို အမြဲသတိပြုကြရန်လိုကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များ၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာနိုင်ရန် တာဝန်ထမ်းဆောင်ရမည့်ဆေးရုံများတွင် သင်တန်းပို့ချပေးရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ထားပြီးဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

မောင်တို့မယ်တို့အနေဖြင့် မိမိတို့၏ ပညာအရည်အချင်းနှင့်ကျွမ်းကျင်မှုကို အစဉ်အမြဲမြှင့်တင်နေကြရန်လိုကြောင်း၊ လူနာများကိုကုသမှုပေးရာတွင် စေတနာ၊ ကရုဏာရှေ့ထားပြီး မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့်ကုသမှုများပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆေးဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာထိန်းသိမ်းပြီး လူနာကိုနားထောင်ပေးခြင်း၊ လူနာနှင့်မိသားစုကို ရှင်းလင်းစွာရှင်းပြခြင်း၊ လူနာ၏ ကိုယ်ရေးအချက်အလက်နှင့်လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်းနှင့် လူနာ၏ဂုဏ်သိက္ခာကို လေးစားခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်ကအားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြုဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြားလိုကြောင်း။

ဆေးပညာရပ်များသည် အမြဲတမ်းတိုးတက်ပြောင်းလဲနေသည်ဖြစ်သည့်အတွက် ယနေ့သိထားသည့်အသိပညာသည် မနက်ဖြန်တွင် ထပ်မံတိုးတက်ပြောင်းလဲဆန်းသစ်နေနိုင်ကြောင်း၊ ထို့ကြောင့် ဆေးပညာရှင်ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ်သင်ယူလေ့လာကြရန်လိုအပ်ကြောင်း၊ ဘဝအတွက်၊ အသိပညာဗဟုသုတအတွက် စာဖတ်ခြင်းကိုအမြဲမပြတ်ပြုလုပ်ရန်၊ အတွေ့အကြုံရှိသည့် ဆရာကြီး၊ ဆရာမကြီးများထံမှ သင်ယူလေ့လာကြရန်၊ မိမိတို့၏ လုပ်ဆောင်မှုများကို အမြဲပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ကုသမှုမျိုးပေးနိုင်အောင်ကြိုးစားကြရန်၊ သုတေသနပြုလုပ်ပြီးဆန်းသစ်တီထွင်ကြရန်၊ ကုသရေးတွင် ဒေသတွင်းနိုင်ငံများနှင့်ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မောင်တို့မယ်တို့၏ ပညာရည်အဆင့်မြင့်မားလာစေရေးအတွက် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များရရှိအောင်၊ အထူးကုများ၊ ပါမောက္ခကြီးများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ် သွားကြရန်လည်း အားပေးပြောကြားလိုကြောင်း။

ယခုခေတ်တွင် ဉာဏ်ရည်တုနည်းပညာအသုံးပြု ဆေးကုသမှုများ၊ ဒီဂျစ်တယ်ကျန်းမာရေး၊ အွန်လိုင်းကတစ်ဆင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းစသည့် ခေတ်မီတိုးတက်သည့် ဆေးဘက်ဆိုင်ရာနည်းပညာများကိုလည်း လေ့လာကြရန်မှာကြား လို ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူတစ်ရပ်လုံး သက်တမ်းစေ့အသက်ရှည်စွာနေထိုင်နိုင်ရေး၊ ရောဂါဘယကင်းဝေးစေရေးအတွက် ဦးတည်ချက်ထားပြီး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယနေ့ကျင်းပသည့်အခမ်းအနားသည် အဆိုပါရည်ရွယ်ချက်များအောင်မြင်စေရန် အလွန်အရေးပါသည့်အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ယနေ့ မောင်တို့မယ်တို့ လက်ခံရရှိသည့် ခန့်အပ်လွှာသည် တာဝန်စတင်ခြင်းကိုသာမဆိုလိုဘဲ နိုင်ငံတော်နှင့် ပြည်သူလူထု၏ ယုံကြည်အပ်နှံမှုကို လက်ခံရရှိခြင်းလည်းဖြစ်ကြောင်း၊ ယင်းယုံကြည်မှုကိုတန်ဖိုးထားပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့်စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံးအသုံးချကြရန်၊ ရှေ့ဆက်မည့် ဆရာဝန်ဘဝတွင် ပညာရပ်နှင့်ကျင့်ဝတ်ကိုအခြေခံပြီး လူနာကိုဦးထိပ်ထားကြရန်၊ မိမိတာဝန်ကျရာဒေသကို တန်ဖိုးထားကြရန်၊ လုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူကြရန် မှာကြားလိုကြောင်း။

ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကိုစောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏ အနာဂတ်ကို စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပညာနှင့်စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံးအသုံးချကြရန်၊ နိုင်ငံတော်က အားထားရသည့် ဆရာဝန်ကောင်းများ၊ ပြည်သူကယုံကြည်အားကိုးရသည့် ကျန်းမာရေးပညာရှင်များဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဆေးတက္ကသိုလ်များအလိုက်မှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိခန့်လွှာများပေးအပ်ရာ တက္ကသိုလ်တစ်ခုချင်းစီအလိုက် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် ဆရာဝန်(သစ်လွင်)ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျန်းမာရေးဝန်ကြီးဌာန၏ လူတိုင်းသက်ရှည်ကျန်းမာစွာနေထိုင်ရေးနှင့် ရောဂါဘယကင်းရှင်းရေး လုပ်ငန်းရည်မှန်းချက်အပေါ် လုပ်ငန်း‌ဆောင်ရွက်ချက်များမှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။

ယင်းနောက် ဆေးတက္ကသိုလ်-၁(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများက “သွေးချင်းတို့ရဲ့မြေ” သီချင်းဖြင့် တေးသရုပ်ဖော်ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post