Eleven Media Group

■ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ KTVများကို ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေသူ ၁၆ ဦးကို ဖမ်းဆီးရမိပြီး ဆိုင်နှစ်ဆိုင်အား ပိတ်သိမ်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ KTVများကိုဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲနေသူ၁၆ဦးကို ဖမ်းဆီးရမိပြီး ktv ဆိုင်၂ဆိုင်အား ခေတ္တယာယီ ပိတ်သိမ်းခိုင်းထားကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီးပါဝင်သော ပူးပေါင်းအဖွဲသည် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ KTV များတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိကို အောက်တိုဘာလ ၁၁ရက် ည၁၁နာရီခန့်မှစတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ Paradise KTVအားဝင်ရောက်စစ်ဆေးခဲ့ရာ ထူးခြားမှုမရှိသော်လည်း အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁နာရီခန့်တွင် ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊ ၂ရလမ်းနှင့်၂၈ လမ်းကြားရှိိ 7 Mandalay KTV အား ဝင်ရောက်စစ်ဆေးခဲ့ရာ အခန်းတစ်ချို့တွင် Happy Water ပါဝင်သောမူးယစ်ဆေးဝါးများကို အသုံးပြုလျက်ရှိသူ အမျိုးသား၊ အမျိုးသမီး ၈ဦးတို့ကို တွေ့ရှိခဲ့​ကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့ဖြင့်ဆက်လက်စစ်ဆေးခဲ့ရာ နံနက်၃နာရီခန့်တွင် ကန်ကောက်ရပ်ကွက်၊ ၅၆ လမ်း၊ လမ်း၃ဝနှင့်၃၁ လမ်းကြားရှိ LASVEGAS KTV အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အခန်းတစ်ခန်းတွင် မူးယစ်ဆေးဝါးအသုံးပြုလျက်ရှိသော အမျိုးသား၊ အမျိုးသမီး ၈ဦး တို့အား ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

" လတ်တလောတော့ အမှု၂မှု၊ လူ၁၆ဦးကို သက်ဆိုင်တဲ့မူးယစ်ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးအ​ရေးယူနေပါတယ်။ ဆိုင်တွေကတော့ လတ်တလော ခေတ္တပိတ်သိမ်းဖို့ညွှန်ကြားထားပါတယ်။ မူးယစ်ဆေးဝါးက ဆက်စပ်တရားခံတွေ စစ်ဆေးနေဆဲမို့ အကုန်ထုတ်ပြန်လို့မရပါဘူး" ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောကြားသည်။

ဖမ်းဆီးရမိသူ အမျိုးသားအမျိုးသမီး၁၆ဦးကို အမှတ်(၃)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မများဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲနေသူများကို တွေ့ရှိခဲ့သည့် အဆိုပါKTV ၂ဆိုင်ကို ခေတ္တယာယီ ပိတ်ခိုင်းထား​ကြောင်းလည်း စုံစမ်းသိရသည်။

မူရင်းသတင်း — Eleven Media Group